အပိုင်း - ၆၁ ( သူ့နောက်မှာ မွေးစားအဖေ ရှိတယ် )( ဆိုတော့.... လက်ထပ်ပွဲကို စောစောစီးစီး ကြိုတင်စီစဥ်ထားတာ ပိုကောင်းမယ် )
နောက်နေ့မနက် ဝမ်းလျိုနျဲန် နိုးလာသောအခါ ကျောက်ယွဲ့မှာ လုကျွေးနှင့်အတူ အလုပ်ကိ္စ္စ ဆွေးနွေးရန် တစ်ဖက်ခန်းသို့ ရောက်နှင့်နေပြီဖြစ်သည်။ ထိုမှအပြန် အခန်းတံခါးကို လှပ်ဟလိုက်သောအခါ ဟုန်ကျာလန်အား အသားစဥ်းကောလာကျွေးသည့် ကျောက်ဝူနှင့် ဟွားထန်တို့ ဇနီး မောင်နှံအား တွေ့လိုက်ရ၏။
ကျောက်ယွဲ့မှာ ရုတ်တရက်ဆိုသလို တောင့်ခဲအေးစက်သွားပေသည်။
မနေ့ညက ဟုန်ကျာလန်ကို သူ ....
မေ့သွားခဲ့သည်ပဲ။
ဟုန်ကျာလန်က စာဂျပိုး၏အခန်းထဲ နေချင်သည်မို့ ထိုသူမကြောက်အောင် မိမိ လိုက်နေပေးမည်ဟု အာမခံပြီးသည့်နောက် မနေ့ကနေ့ခင်းပိုင်းတွင် ဟုန်ကျာလန်အား အမွှေးနံ့သာဆွတ်ဖြန်းပေးရန် ဟွားထန်ထံ ပေးလိုက်ခြင်းဖြစ်သည်။ သို့သော် ပြန်ယူလာခဲ့ရန် မေ့သွား၏။
ဟုန်ကျာလန်ကမူ သခင်ဖြစ်သူမှ စွန့်ပစ်ခံရမှန်းပင် သူ့ကိုယ်သူ မသိသေးပါ။ ကျောက်ယွဲ့ကို မြင်သောအခါ လက်များလှုပ်ပြီး နှုတ်ဆက်လာ၏။
ရောက်လာပြီလား!!!!
ကျောက်ယွဲ့မှာ ထိုအကောင်လေးအား အလွန်အားနာမိသွားသည်။
"အမတ်မင်းရောရှင်"
ဟွားထန်က ဟုန်ကျာလန်ကို စားပွဲပေါ်ချထားပြီး နောက် မေးလာ၏။
"အိပ်နေတုန်း"
"ဟင်းချိုလေးတစ်ခွက်လောက် လိုသေးလားရှင်"
မနေ့ညက ဘာဖြစ်သွားမှန်း မသိပေမယ့် ခုထက်ထိ အိပ်ရာမထသေးဘူးဆိုတော့လေ....
ကျောက်ယွဲ့က ခေါင်းခါပြလာ၏
"မလိုဘူး"
ဘာလို့ မလိုရမှာလဲ!!!!!
အရိပ်တပ်သားများက ကျောက်ယွဲ့အား အထင်သေးအမြင်သေးသည့် အကြည့်များဖြင့် ကြည့်လာကြသည်။
ဒီထက်ပိုပြီး အညှာအတာ ကင်းပြလိုက်ပါဦး!!!! ဟင်းချိုလေးတစ်ခွက်တောင် ချက်မတိုက်ချင်ဘူးတဲ့!!!!