" အဖေ … အိမ်ရှေ့မှာ … ဧည့်သည် … အဖေ မိတ်ဆွေများလား "
" အော် …ဗေဒင််ဆရာ များလား … ငါ့သူငယ်ချင်း လှမောင်ကို … ဟိုတနေ့က … အကူညီတောင်းထားသေးတယ် … တံခါး သွားဖွင့်လိုက်ကွာ "
" ဟုတ် … အဖေ "
ကျုပ်ယောက္ခထီး ဘာစိတ်ကူးပေါက်လည်းမသိဘူး ဗေဒင်ဆရာတစ်ယောက်ကို အိမ်ခေါ်မေးတာပါ။ကျုပ်တို့အိမ်က မြို့ငယ်လေးတခုရဲ့ မြောက်ဘက် အစွန်ဆုံးရပ်ကွက်လေးထဲမှာပါ။ရပ်ကွက်က အတော်ကျယ်တယ်ဗျ အရှေ့အနောက် တောင်မြောက်လမ်းဖေါက်ထားပြီး ကျုပ်တို့ရပ်ကွက်ရဲ့အနောက်ဖက်က မြစ်ကြီးပဲရှိတော့တာ။ကျုပ်တို့အိမ်က ရပ်ကွက် တောင်ခြမ်းဘက်မှာ ပေ၃၀ ပေ၅၀ အကျယ်ရှိပြီး ထရံကာသွပ်မိုး အောက်က အုတ်ခင်းဗျို့။အိမ်ရှေ့မှာ ရေချိုးကန်လေးလုပ်ပြီး ရေဘုံဘိုင်လေး ဆင်ထားလိုက်တယ်။၂၅ပေ ၃၅ပေ ပတ်လယ်လောက် အိမ်ဆောက်ပြီး နောက်ဖေးက အိမ်သာနဲ့ မကျီးပင်လေးရှိတယ်ဗျ။အိမ်ပတ်ပတ်လည် ဝါးထရံနဲ့ကာထားပြီး အိမ်ရှေ့က သစ်သားဝန်းထရံနဲ့သစ်သားတံခါးပေါ့။ကျုပ်နာမည်က နောင်နောင်ပါ အသက်က ၂၆နှစ် ရေတိုင်ကီလုပ်တာ ဆရာ့ဆိုင်မှာပဲ ဒီနေ့ ဦးပုဒ်နေ့မို့ ဆိုင်ပိတ်တာနဲ့ အိမ်မှာကပ်နေတာပေါ့။ကျုပ်မိန်းမ နာမည်က သင်းသင်းစိုးပါ အသက်က ၂၄နှစ် ကျုပ်ထက် ၂နှစ်ငယ်ပါတယ် သားလေးတစ်ယောက်ရှိတယ်ဗျို့ ၁နှစ်ကျော်ပါပြီ။ယောက္ခမ ကတော့ ကျုပ် မသင်းနဲ့အိမ်ထောင်မကျခင်ထဲကဆုံးပါးသွားတာ ယောက္ခထီးကတော့ ဦးမျိုးမြင့်တဲ့ အရပ်မနိမ့်မမြင့်နဲ့ ကျုပ်ထက်စာရင် ပိန်တယ်။ခု ယောက္ခထီးခေါ်ထားတဲ့ ဗေဒင်ဆရာကို ကျုပ်လည်းတံခါးဖွင့် ပြီးအိမ်ထဲခေါ်လာခဲ့တယ်။သူစီးလာတဲ့စက်ဘီးလေး အိမ်ဝင်းထဲတွန်းဝင်ရင်း ဒေါက်ထောက်နေတာ။စက်ဘီးလက်ကိုင်ရှေ့က ချိတ်ထားတဲ့လွယ်အိတ်အနီကြီး ဖြုတ်ယူပြီး ကျုပ်နောက်က ကပ်ပါလာတာပေါ့။ ဗေဒင်ဆရာက ဦးကံသာတဲ့ မြို့ရဲ့ အရှေ့ပြင်အခြမ်းကပြောပါတယ်။ယောက္ခထီးနဲ့ အသက်က မတိမ်းမယိမ်းလောက်ပါပဲ လက်ပြင်ကိုင်းကိုင်းနဲ့ အသားမဲတယ် ကွမ်းစားတော့ သွားတွေက ကွမ်းဂျိုးတွေနဲ့ ပါးစပ်ကလည်းရဲတွတ်နေတာဗျ။အိမ်ထဲရောက်တာနဲ့ သူ့ကိုယ်သူ မိတ်ဆက်ရင်း ယောက္ခထီးနဲ့စကားပြောနေကြတာပါ။