နေလုံးက အနောက်ဖက်မိုးကုတ်စက်ဝိုင်းဆီ မှေးတင်နေပြီ။
ဉာဉ့်ငှက်တစ်အုပ်က ခပ်သုတ်သုတ် ထ ပျံသွားကြသည်။
လက်ထဲမှာ ကိုင်ထားသော coffee အေးဘူးက ပူနွေးသွားပြီဖြစ်ကြောင်း ခံစားရသည်။
" မမ က coffee ဆို အပူမှ ကြိုက်တာ" လို့ ပြောတတ်သည့် အမျိုးသမီးတစ်ယောက်ကို သတိရမိပြန်တော့ ကိုယ်တိုင်ပင် မသိလိုက်ရပါပဲ နှုတ်ခမ်းတို့က ပြုံးမိရသည် ။
နိုနို၏ အလုံးစုံသော အတွေးစ များအပြင် အသက်ရှူသံ တစ်ချက်ခြင်းစီ က အစ
မမ ဟာ လွှမ်းမိုးထားနိုင်ဆဲ ပါလား။ဒီလို တွေးမိပြန်တော့ ခပ်သဲ့သဲ့ ပြုံးလိုက်ရပြန်သည် ။
လူတစ်ယောက်ကို နှလုံးသားထဲ ထာဝရ သိမ်းထားပြီး ဒီအတိုင်း တစ်သက်လုံး ရှင်သန်သွားတဲ့သူ ဆိုတာ တကယ် ရှိနိုင်ပါသလား။
ရှိခဲ့ရင်ရော...။
ဒါဟာ ရူးမိုက်မှု လို့ ဆိုနိုင်ပါသလား။
ဒါဆိုရင်တောင် မမ ဟာ နိုနို ရူးမိုက်ရခြင်းရဲ့ အလုံးစုံသော အကြောင်းပြချက်တွေ ဖြစ်ပါလိမ့်မည်။
ဒီဖက် ကမ္ဘာမှာ နိုနိုဟာ မမ အတွက် အတွေးထဲတောင် နေရာ ပေးစရာ မရှိတဲ့ ညီမငယ်လေး တစ်ဦးထက် မပိုခဲ့ရင်တောင် အပြိုင် စကြဝဠာ တစ်ခုမှာတော့ နိုနို အနေနဲ့ မမရဲ့ အချစ်တွေကို မျှော်လင့်ခွင့် ရှိဦးမယ် ထင်ပါတယ်။
ဒီ အတွေး တစ်ခုကပဲ နိုနို ကို ဆွဲထားနိုင်တာ။
နိုနို့ နေ့ရက်တွေကို ကြည်လင်စေတာ။
မမ ဆိုတာဟာ နိုနို အတွက်တော့ တစ်သက်တာ သိမ်းဆည်းထားချင်စရာ မှတ်ဉာဏ်တစ်ခုထက် မပိုခဲ့ပါလေ။
~~~~
" လူတွေဟာ သက်တမ်းကုန်လို့ သေသွားကြတဲ့အခါ အရောင်လှလှ လိပ်ပြာလေးတွေ ဖြစ်သွားကြသတဲ့ "
ပြုံးပြုံးလေး ပြောနေတဲ့ မမ မျက်နှာကို မော့ကြည့်မိသည်။
မမ ဆိုတဲ့ အမျိုးသမီးဟာ အမြဲတစေ ပြုံးရွှင်နေတတ်ပါသည်။
ခတ်သုတ်သုတ် တိုက်ခတ်သွားသော ညနေခင်း၏ လေညင်းက မမ ၏ ဆံနွယ်အချို့ကို တိုးဝှေ့ ကျီစယ် ကာ အနည်းငယ်မျှ ရှုပ်ပွသွားစေသော်လည်း အလှ ပျက်မသွားခဲ့။
YOU ARE READING
လိပ်ပြာချည်ကြိုး(one shot)
Short StoryJanuary မှာ order ကောက်မဲ့ စာအုပ်ထဲက တစ်ပုဒ်။