Julyလ၊ Italy ရဲ့ နွေရာသီဖြစ်သည့် အလျောက် ကောင်းကင်မှာ တိမ်ကင်းစင်စွာဖြင့် နေရောင်မှာ သစ်ပင်အုပ်အုပ်ကြားတို့မှ ထိုးဖောက်ရင်း မြေပြင်မှာ ပြန်ကျဲစွာ ကျရောက်နေသည်။
သစ်ပင်စိမ်းစိမ်းတို့မှာ ယိမ်းယိုင်ကာ သဘာဝရဲ့ လေအေးအေးကို ပေးစွမ်းလျက်။ဆောနူမှာတော့ ခြံထဲ၌သာ နေပူဆာလုံရင်း စာဖတ်နေသည်။ အဖြူရောင် sleeveless အင်္ကျီအပါးသာ ဝတ်ထားပြီး အတန်ကြာအောင် ထိုင်နေပြီဖြစ်တာကြောင့် ဖြူဖွေးဖွေးအသားအရေမှာ ခပ်နီနီသို့ ကူးပြောင်းစပြုနေပြီဖြစ်သည်။
" ဆောနူ... ဒီနေ့ Firenze က မြို့အုပ်မင်း ရောက်မယ် ဆိုတာကို မေ့နေတာလား"
" ကျွန်တော် မမေ့ပါဘူး၊ ဒီတိုင်း .."
" ဆင်ခြေတွေပေးတာရပ်တော့ ဆောနူ၊ ပါပါးက မင်းကိုခေါ်နေပြီ... ဒီလိုရက်မျိုးမှာ မင်းပဲ ခြံထဲမှာ အေးအေးဆေးဆေး နေနိုင်သေးတယ်"
အစ်ကိုဖြစ်သူဂျေးက ဆူလေတော့ ဆောနူမှာ ဝိုင်ေကြာင့် အနည်းငယ် ပန်းရင့်ရောင်သမ်းနေသော နှုတ်ခမ်းပါးအိအိကို ဆူလိုက်ရင်း ထိုင်ခုံနောက်သို့ လှမ်းထားသော နွေရာသီဝတ် ရှပ်အင်္ကျီကို ထပ်ဝတ်ကာ လိုက်ပါသွားရတော့သည်။
ဟောင်းနွမ်း၍ ပျက်စီးစပြုနေပြီဖြစ်သော အစိမ်းရောင်၊အဝါရောင်ရှိသည့်ပြတင်းပေါက်များနှင့်အိမ်များကို ဖြတ်ကျော်၍ အညိုဖျော့ရောင် လမ်းကျဉ်းကျဉ်းကို အနည်းငယ် လျှောက်ပြီးမှသာ ဆောနူတို့ လိုရာခရီးကို ရောက်သည်။
လမ်းကျဥ်းကျဥ်း၏တစ်ဝက်လောက်ကို နေရာယူထားသော ထောပတ်စိမ်းရောင် retro carကို မြင်လေတော့ ဂျေးမှာ ဆောနူကို မျက်စောင်းတစ်ချက်ထိုးသည်။ဆောနူက ချော့သလိုဆိုရင်း
" နောက်မကျသေးပါဘူး အစ်ကိုဂျေးရဲ့"" လာစမ်းပါကွာ၊ ပါပါးက ငေါက်တော့မယ်"
•••
မြို့အုပ်မင်း Ethan Lee။အသက်ငယ်ပေမဲ့ ဩဇာက မငယ်တာမို့ Ethan Lee ဆိုရင်ပင် Italia တခွင် မသိသူရှိပါရိုးလား။
နှုတ်ခမ်းပါးပါးတို့ကို အမြဲတင်းတင်းစေ့ထားကာ မေးရိုးတို့မှာလည်း ဓားသွားတစ်ချောင်းသဖွယ်။ မြင်သူတကာ ငေးမောချင်လောက်အောင် ချောရက်သလို အလုပ်မှာလည်း စေ့စေ့ပေါက်ပေါက်လုပ်တတ်တဲ့သူမို့လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ Tuscanyလို ပြည်နယ်ရဲ့ အရေးအပါဆုံးမြို့အုပ်မင်းဖြစ်နေခြင်းမှာ မထူးဆန်းပေ။
အခုလည်း အဲ့ဒီ Ethan Lee ဆိုသူမှာ ဆောနူရှေ့မှာ ချောချင်တိုင်း ချောလို့ရယ်။
ဆောနူတို့ ပါပါးကလည်း Cortona ရဲ့ မြို့အုပ်မင်းဖြစ်တာမို့ ခဏခဏ ထိုလူကို တွေ့ရပါသည်။