အပိုင်း - ၇၀ ( ခန့်ညားလှတဲ့ ကိုလူချော ပေါ်တော်မူလာပြီ )( လူအများကတော့ အရမ်းရင်ခုန်နေကြပြီ )
မီးဖိုခန်းမှာ ရှုပ်ပွညစ်ပေနေပေ၏။ စွပ်ပြုတ်နှင့်အတူ အိုးကွဲစများမှာ ကြမ်းပေါ်တွင် ပြန့်ကြဲပေပွနေကာ မီးဖိုပေါ်ရှိ ဟင်းခတ်အမွှေးအကြိုင်ဘူးလည်း မှောက်နေ၏။ ကျောက်ယွဲ့မှာ ထိုအမှိုက်များအား ထိုင်ကြုံးရင်း သန့်ရှင်းရေးလုပ်နေပေသည်။
ထိုစဥ် ဝမ်းလျိုနျဲန်နှင့် လုကျွေးတို့ ရောက်လာကြပေသည်။ ကျောက်ယွဲ့က လုကျွေးအား စိုက်ကြည့်လာ၏။ ဒုခေါင်းဆောင်လုက အမြော်အမြင်ရှိစွာ ဆိုလာသည်။
"ဒါတွေအားလုံး ကျွန်တော့်အမှားပါခင်ဗျာ"
ကျောက်ယွဲ့ - "....."
ဒီထက်ပိုပြီး ဗြောင်လိမ်လိုက်ပါဦးလား။
"မသုံးဖြစ်တာ ကြာလို့နေမယ်။ သိမ်းထားတဲ့ပုံလည်း သိပ်အဆင်မပြေတော့ ကွဲသွားတာ၊ မီးထိတာနဲ့ ပေါက်သွားတာ နေမှာပါ"
ဝမ်းလျိုနျဲန်က သူ့အား ကူပြောလာ၏။ လုကျွေးက အမြန် ဆက်ပြောလာသည်။
"အမှန်ပါပဲခင်ဗျာ။ တကယ်တော့ ခေါင်းဆောင်က ဟင်းချက်တာ တကယ်ကျွမ်းတယ်ဗျ"
စောနမြင်လိုက်ရသလို တုံးအအပုံ မဟုတ်ရပါဘူး၊ မကြိုက်ဘဲ မနေလိုက်ပါနဲ့နော်။
"ဒုခေါင်းဆောင် ထမင်းစားပြီးပြီလား"
"ဟင့်အင်း၊ မစားရသေး - "
လုကျွေးမှာ ပြောလက်စ,စကားကို ချက်ချင်းရပ်လိုက်ကာ နှစ်ကြိမ်မျှ ချောင်းဟန့်လိုက်သည်။
"ခေါင်းဆောင်က မီးဖိုချောင်ထဲ ဝင်လေ့သိပ်မရှိဘူးခင်ဗျ"
တကူးတက ဟင်းချက်တယ်ဆိုတာ ချစ်ရသူအတွက်ပဲ ချက်ပေးတာလေ။
ဝမ်းလျိုနျဲန်ကမူ ထိုစကား၏ ရှေ့နောက်မညီမှုများအား အမှုမထားအားဘဲ မြေပေါ်ရှိ အိုးကွဲစများအား ထိုင်ကောက်နေလိုက်သည်။
"ရတယ်၊ ငါ လုပ်လိုက်မယ်"
ကျောက်ယွဲ့က သူ့လက်အား ဆွဲကိုင်ထားလိုက်၏။ လုကျွေးအပေါ် ထားသည့်အာရုံလည်း လုံးဝလွှဲပြောင်းသွားခဲ့သည်။
YOU ARE READING
ဓားပြဗိုလ်အား သိမ်းပိုက်ခြင်း [ Completed ]
Romanceတာ့ချူရဲ့ အတော်ဆုံးလူငယ်အမတ်မင်းတဖြစ်လဲ အစားပုပ် Food blogger ရဲ့ ဓားပြဖမ်းဗျူဟာ။ ပေါက်စီတစ်လုံးကနေ စတင်ခဲ့ပြီး ဆန်းပြားသစ်လွင်တဲ့ နည်းတွေနဲ့ မစားရအညှော်ခံ ဓားပြမဟုတ်တဲ့ ဓားပြဗိုလ်ကိုကို,ကို ဘယ်လို အပီချုပ်ခဲ့သလဲဆိုတာ .... Shared universe with ဧကရာ...