အပိုင်း - ၇၁ ( တချို့စကားတွေကို ဖွင့်မပြောနိုင်သေးဘူး)
( အပြုအမူနဲ့ သက်သေပြတာက ပိုမြန်တယ် )
သခင်လေးကျောက်အား မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရခြင်းမှာ ဝင့်ကြွားဂုဏ်ယူစရာကိစ္စပေမို့ မြို့သူမြို့သားများမှာ အပင်ကြီးအောက်တွင် စုရုံးနေကြကာ ညနေမစောင်းမချင်း မည်သူမှ အိမ်မပြန်ကြ။
"သခင်လေးကျောက်ရဲ့နာမည်အရင်းက ကျောက်ယွဲ့ဆို?"
မြို့သားတစ်ယောက်က ထမင်းပန်းကန်အား ကိုင်ထားလျက် မေးလာ၏။ အခြားတစ်ယောက်က ဖြေလာသည်။
"အေး၊ ဟုတ်တယ်တဲ့။ ဖက်ထုပ်သည်ဦးလေးကြီးပြောတာတော့ သခင်လေးကျောက်အစစ်ကြီးပဲတဲ့။ အမတ်မင်းလည်း အဲ့စကားကို ကြားလိုက်တာတောင် ဘာမှပြန်မငြင်းတော့ တကယ်အဟုတ်ပဲထင်တယ်"
နောက်တစ်ယောက်လည်း ပြောလာပြန်၏။
"ဒါဆို ဟိုပုံတွေထဲက ကျောက်ယွဲ့တော့ သခင်လေးကျောက်အစစ် မဟုတ်လောက်တော့ဘူးဟ။ ဝမ်းထျဲန်းဟူက တကယ်လက်ရဲဇက်ရဲရှိတာပဲ၊ သခင်လေးကျောက်အဖြစ်တောင် ဟန်ဆောင်ရဲရတယ်လို့"
ဒါကြောင့်လည်း အစိုးရက ဒင်းကို ဦးဦးဖျားဖျား သွားချေမှုန်းတာ။ သူ့ဖအေတောင် သူ့ ပြန်မမှတ်မိတော့တဲ့အထိ ဝက်ခေါင်းရုပ်ဖြစ်အောင် ထုထောင်းခံလိုက်ရတာ။
"သခင်လေးကျောက် ဘယ်တော့ထပ်ပေါ်လာမလဲ မသိဘူး"
အားလုံးမှာ ထိုအခွင့်အရေးအား မျှော်လင့်ချက်ကြီးစွာ ဆက်လက်စောင့်စားနေသည်။ ဤတစ်ကြိမ်ပေါ်လာလျှင်လည်း ခပ်ကြာကြာလေး ပေါ်လာလျှင် အကောင်းသား၊ မိမိတို့အားလုံးက သူ့အား တွေ့ဆုံလိုကြသည်မို့။
****
ထိုအချိန်ဝယ် ကျောက်ယွဲ့မှာမူ ရှန့်စံအိမ်၏ ခြံဝန်းထဲက ကျောက်သားစားပွဲနားထိုင်ရင်း ကျီ့ယွဲ့ဓားအား ဂရုတစိုက် သုတ်နေပေသည်။
ဝမ်းလျိုနျဲန်က လင်ဗန်းတစ်ခုအား ကိုင်လျက် ခြံဝန်းထဲ လျှောက်လှမ်းလာ၏။
"မင်း မနားရသေးဘူးလား"
ကျောက်ယွဲ့က မတ်တတ်ရပ်ပြီး မေးလာ၏။ ဝမ်းလျိုနျဲန်က ထိုလင်ဗန်းအား စားပွဲပေါ် တင်ထားလိုက်၏။