Unicode
" မြတ်သျှင်မောင် သားငယ် အိပ်ယာက ထတော့လေ ၊ ညကျောင်းကို သွားရဦးမယ်မဟုတ်လား ? "
ကြီးကြီးငြိမ်း၏ ခပ်တိုးတိုး ခေါ်သံကြောင့် မြတ်သျှင်မောင်နိုးလာခဲ့သည်။ သူကနေမကောင်းတာကြောင့် မနက်ကတည်းက ဆေးသောက်ပြီး အိပ်နေတာဖြစ်သည်။ ကျောင်းလည်း မသွားဖြစ်ပေ။
" ဟုတ်ကဲ့ ကြီးကြီးငြိမ်း ၊ သား ခနနေရင် ရေချိုးလိုက်ပါ့မယ် " မြတ်သျှင်မောင်က ပြန်ဖြေလိုက်သည်။ ဥဒေါင်းညိုက သူ့ကို နောက်ကနေ သိုင်းဖက်ကာ ခြေတံရှည်တွေနှင့်လည်း သူ့ကို ခွထားသေးသည်။
" အေးကွယ် ၊ သားညိုကိုလည်း နှိုးလိုက်ဦး "
ကြီးကြီးငြိမ်းက သူ့ကို သတိပေးပြောပြီးနောက် အခန်းထဲကနေ ထွက်သွားလေသည်။ မထွက်သွားခင်လည်း ပန်ကာကို အနားတိုးကပ်ကာ ထားခဲ့သည်။မြတ်သျှင်မောင်သည် သူ့အပေါ်ကို တွားသွားသတ္တဝါတစ်ကောင်လို တွယ်ကပ်နေတဲ့ ဥဒေါင်းညိုကို အသာလှုပ်နိုးလိုက်သည်။ ဘာကြောင့်မို့ ဥဒေါင်းညိုက ရောက်လာခဲ့သလဲဆိုတာကို သူမသိပေမဲ့လည်းဥဒေါင်းညိုက ဝမ်းနည်းနေတာကိုတော့ သူခံစားမိသည်။ ဥဒေါင်းညိုက သူ၏ပခုံးတွင် မျက်နှာအပ်ကာ အိပ်နေပြီးတော့ သူ့ကိုလည်း သားပိုက်ကောင်လိုမျိုး ပိုက်ထွေးထားတာကြောင့် မြတ်သျှင်မောင်က လှုပ်ရလည်း ခက်နေပေသည်။
" ဥဒေါင်းညို ညကျောင်းသွားရဦးမှာ ထတော့လေ " မြတ်သျှင်မောင်က ထပ်ပြီးတော့ ခေါ်လိုက်သောအခါတွင် ဥဒေါင်းညိုက နိုးလာသည်။ ဥဒေါင်းညိုက သူ့ကို အတန်ကြာသည်အထိ စိုက်ကြည့်နေပြီးတော့ ထပ်ပြီးတော မျက်လုံးမှိတ်လိုက်သည်။
" မင်း နေမကောင်းတာ သက်သာပြီလား "
အိပ်ယာနိုးစ လူပျိုပေါက်ကောင်လေး၏ အသံက အက်ရှရှ ၊ နားအနားကို ကပ်ကာ တိုးတိုးပြောနေတာကြောင့် မြတ်သျှင်မောင် မနေတတ်စွာ တွန်းဖယ်လိုက်သည်။
သူ့စိတ်ထဲတွင် ဥဒေါင်းညိုက တခြားသော သူငယ်ချင်းများနှင့် မတူဘူးဟု ခံစားနေရသည်။ သူ့အနားကို တွယ်ကပ်လွန်းနေသည့်အပြင် တစ်ခါတစ်ရံတွင် သူ့အပြုအမူတွေက ထူးဆန်းသည်ဟု ယူဆရသည်။ သိူ့ပေမဲ့လည်း ဥဒေါင်းညို၏ ထိုကဲ့သို့သော အချင်းအရာများးကို သူက ငြင်းပယ်ချင်စိတ်လည်း ရှိမနေတာကြောင့် သူက တွေးရခက်နေသည်။