အပိုင်း - ၇၄ ( ကြက်ကန်းဆန်အိုးတိုးခြင်း )
( ဓားပြတွေကိုချေမှုန်းဖို့ ဓားပြတွေကို တာဝန်ပေးရမယ် )
"ဥဒေါင်းမုခ်ဝဂိုဏ်းရဲ့ လျို့ဝှက်သိုင်းကျမ်းက ဘယ်လိုနေလဲ"
ဝမ်းလျိုနျဲန်က ထိုအကြောင်းအား အမှတ်ရသွားကာ မေးမြန်းဖော်ရလာသည်။
"အပေါ်ယံပဲ လျှပ်ပြီး ဖတ်လိုက်တာ။ ဘာကြောင့်မှန်းတော့ မသိဘူး၊ အဲ့သိုင်းနဲ့ ကိုယ်သင်ယူခဲ့ဖူးတဲ့သိုင်းနဲ့ ေတာ်တော်များများ တူနေတယ်"
"ဟုတ်လား"
ဝမ်းလျိုနျဲန်က မျက်နှာကို ပုဝါဖြင့် သုတ်လိုက်၏။
"လောကကြီးထဲ ရှိရှိသမျှ သိုင်းကျင့်စဥ်တွေက တစ်နေရာတည်းကနေ ဆင်းသက်လာတာများလား"
ကျောက်ယွဲ့က ဝမ်းလျိုနျဲန်၏ အဝတ်အစားများကို သေသပ်သန့်ပြန့်အောင် ကူညီပြင်ဆင်ပေးလိုက်ကာ ထိုအကြောင်းအား ဆက်မပြောဖြစ်တော့ပါချေ။
သူတို့ရောက်လာသည်မှာ အနည်းငယ်နောက်ကျသွားပြီမို့ အခြားသူများအားလုံး ညစာစားပြီးသွားလောက်ပြီဖြစ်သည်။ ထို့ကြောင့် ထမင်းစားခန်းထဲ မသွားဖြစ်တော့ဘဲ အချဥ်သိပ်ဟင်းရွက်နှင့် ခေါက်ဆွဲနှစ်ပွဲသာ မှာယူလိုက်ကာ အိပ်ခန်းသို့သာ လာပို့လိုက်စေ၏။ ခေါက်ဆွဲများနှင့်အတူ ရွှေရောင်ဝင်းဝါနေသည့် လားသားများပါ ပါလာသေးပေ၏။
ဝမ်းလျိုနျဲန်ကမူ စိတ်ပါလက်ပါ စားသောက်နေသည်။ အမှန်တကယ်တော့ မည်သည့်အရာကိုမဆို သူ စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ဆောင်တတ်ပေ၏။
ကျောက်ယွဲ့လည်း လက်လှမ်းလိုက်ကာ ဝမ်းလျိုနျဲန်၏ မျက်နှာပေါ်ရှိ ကြက်သွန်မြိတ်အဖတ်အား ဖယ်ရှားပေးလိုက်သည်။ ထိုသူ စားသောက်နေသည်ကို မြင်တိုင်း ဘာကြောင့်ရယ်မှန်းတော့ မသိ၊ သူ့စိတ်အစဥ်ကပါ ကြည်လင်ရွှင်ပျလာကာ ထမင်းစားရပိုမြိန်လာသည်။
ထို့နှင့် မြိန်ယှက်စွာ စားသောက်အပြီး တူကို ချလိုက်သောအခါ အနည်းငယ် ဗိုက်ပြည့်နေသည်ဟု ခံစားလိုက်ရ၏။
ဝမ်းလျိုနျဲန်မှ ပြောလာသည်။
"တော်သေးတယ်၊ အမဲသား နောက်တစ်ပန်းကန်ပါ ထပ်မမှာထားလို့"