“ဘုရားရှိခိုးကြမယ်ဟေ့...”
မြတ်မင်းသူရိန်တို့ B ခန်း၏ ဂိုက်ဆရာ ဆရာတင်မောင်မှ B ခန်းအဆောင်ထဲ ဝင်လာ၍ ပြောလိုက်ခြင်းဖြစ်သည်။ ဆရာတင်မောင်၏ အသံသည် ပြာတာတာနှင့် အတော် နားဝင်ဆိုးလှသော်လည်း ကျောင်းသားတိုင်းစေ့ ကြားရလောက်အောင်တော့ အသံအောင်သည်ဟု ဆိုရမည်။ ည ၈ နာရီသည် မြတ်မင်းတို့ Private School သတ်မှတ်ထားသော ဘုရားရှိခိုးချိန်ဖြစ်သည့်အတွက် ယောက်ျားဆောင်နှင့် မိန်းကလေးဆောင်မှ ကျောင်းသား၊ ကျောင်းသူများအားလုံး တစ်ခန်းတည်း ဆုံရသည့်အချိန်လည်း ဖြစ်သည်။ အထက်တန်းကျောင်းသားလေးများပီပီ ဘာသာတရားကိုင်းရှိုင်းဖို့ထက် မိန်းကလေးဆောင်မှ ကိုးတန်း၊ ဆယ်တန်း ကျောင်းသူလေးများနှင့် အကြည့်ချင်းဖလှယ်ဖို့က အရေးကြီးနေသည်လေ...
လစဥ်စာမေးပွဲအလိုက် အမှတ်များပေါ်မူတည်ပြီး စာသင်ခန်းရော အဆောင်ပါ A ခန်း/B ခန်း/C ခန်း ၃ ခန်း ခွဲထားသည်ဖြစ်ရာ မြတ်မင်းကတော့ ပြီးခဲ့သည့် လစဥ်စာမေးပွဲအမှတ်အရ B ခန်းအဆောင်သား ဖြစ်နေရသည်။ A ခန်း နှင့် B ခန်းကိုသာ ကူးပြောင်းနေရသည်များပြီး ယခုနှစ်လယ်ပိုင်းအထိ C ခန်းကိုတော့ မကျဖူးသေးပါ။ နဂိုတည်းက စာတော်သည်လည်း မဟုတ်၊ စာညံ့သည်လည်း မဆိုနိုင်သော အလယ်အလတ် ကျောင်းသားစာရင်းထဲပါသည်မို့ ကျောင်းစာများနှင့် အသည်းအသန် လုံးပမ်းနေစရာမလိုဘဲ မိဘများကလည်း မြတ်မင်း၏ လက်ရှိအခြေအနေနှင့် ကျေနပ်၍သာ တော်တော့သည်။
“ ချွတ် ချွတ် ”
ဟော... သူ ခေါ်နေပါပြီ
ဘုရားရှိခိုးခါနီးတိုင်း အဆောင်သားများအားလုံး ဘုရားခန်းဆီ ဦးတည်သွားနေကြချိန်မှာ A ခန်းအဆောင်ထောင့်မှ ကြားနေကျ လေသံတိုးတိုးက မြတ်မင်း၏ ရင်အခုန်ရဆုံးအချိန် ဖြစ်လေသည်။
ဘေးဘီဝဲယာကို တစ်ချက်ကြည့်လိုက်ရင်း အဆောင်ထဲ ကျောင်းသားတွေရော ဂိုက်ဆရာများပါ မရှိတော့တာ သေချာပြီဆိုမှ အသံလာရာ A ခန်းထောင့်ဆီသို့ မြတ်မင်း အပြေးသွားလိုက်သည်။
“လွမ်းနေတာ...”
အမှောင်ကျနေသော အခန်းထောင့်သို့ ရောက်လျှင်ရောက်ချင်း ညင်သာသော လက်တစ်စုံ၏ ဆွဲယူပွေ့ဖက်ခြင်းကို ခံလိုက်ရသည်။ ကြုံနေကျမို့ မထူးဆန်းတော့ပေမယ့် တစ်ခါမှ ရိုးအီသွားခြင်းလည်း မဖြစ်ခဲ့ပါ။ ရင်ခွင်နွေးနွေးဆီမှ ရနေကျ Charlie White ရေမွှေးအနံ့က သူ ဆွတ်ထားသည်ဖြစ်၍ပင် မြတ်မင်းကို ပိုယစ်မူးစေပါသည်။
YOU ARE READING
Lovely Bhone (one-shot MYANMAR BL)(COMPLETED)
Cerita Pendekကျွန်တော်ဆိုသည်မှာ ချစ်ရသူ ပေးသော အချို၊ အခါးများကို ပျော်မွေ့စွာ လက်ခံယူမည့်သူဖြစ်သည်မို့ ချစ်ရသူမှ ချိုမြိန်ခြင်းများ ပေးလျှင် မြိန်ယှက်စွာ သုံးဆောင်မည်ဖြစ်ပြီး ချစ်ရသူမှ ခါးသက်ခြင်းများသာ တိုက်ကျွေးလျှင်လည်း ကျေနပ်စွာ ပျော်ဝင်နေဦးမည် ဖြစ်သည်...