အပိုင်း(၆၆) လျှို့ဝှက်ချက်အားဖော်ထုတ်ခြင်း

30 2 0
                                    

အခန်းတစ်ခုလုံးက လုံးဝကိုငြိမ်သက်တိတ်ဆိတ်နေရကာ ဘယ်သူမှစကားပြောရဲဘဲရှိနေကြသည်။ ဝေဘင်းရဲ့ခန္ဓာကိုယ်ပေါ်မှာရေးဆွဲနေသည့် ဆရာယင်ရဲ့မူလမှော်စာလုံးစုတ်တံထံမှ ထွက်ပေါ်နေသည့် တိုးညှင်းတဲ့အသံတစ်ခုတည်းသာ ထွက်ပေါ်နေပေသည်။

အချိန်တွေက နှေးကွေးစွာကုန်ဆုံးသွားခဲ့ရသကဲ့သို့ ဝေဘင်းရဲ့ခန္ဓာကိုယ်ပေါ်မှာ အလွန်အမင်းခက်ခဲရှုပ်ထွေးလှသည့် မှော်စာလုံးတစ်ခုစတင်ထွက်ပေါ်လာသည်။ မှော်စာလုံးက သူ့ရဲ့ခန္ဓာကိုယ်တစ်ဝက်ထိ ဖုံးလွှမ်းနေလျက်ရှိကာ အံ့အားသင့်ဖွယ်ကောင်းသည့်အရှိန်အဝါတစ်ခု ထုတ်လွှတ်နေပေသည်။

"ဒါက အဆင့် ၃မူလမှော်စာလုံးတစ်ခုပဲ..." ဝေကန်းလန်ရဲ့မျက်နှာထက်မှာ လေးနက်တည်ငြိမ်သည့်အမူအယာတစ်ခု ဖြစ်တည်လာခဲ့ရ၏။ မကြာမီမှာပင် သူကစိတ်ကျေနပ်မှုရှိစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်ပြီး မှတ်ချက်ပြုလိုက်သည်... "ဒါပေမဲ့ ဒါကိုကြည့်ရတာ အထောက်အပံ့အမျိုးအစားမှော်စာလုံးတစ်ခုပဲ... ဒါ့ကြောင့် ဘင်းလေးရဲ့ခန္ဓာကိုယ်က မှော်စာလုံးရဲ့စွမ်းအားကို လက်ခံနိုင်စွမ်းရှိနေခဲ့တာ..."

နောက်ဆုံးလှုပ်ရှားမှုတစ်ခုနဲ့အတူ ဆရာယင်ရဲ့စုတ်တံထိပ်ဖျားက နောက်ဆုံးစုတ်ချက်ကို အဆုံးသတ်လိုက်သည်။ ထိုအခိုက်အတန့်မှာပင် လူတိုင်းက ပြည့်စုံတဲ့မှော်စာလုံးထံမှ ထူးခြားဆန်းကြယ်သည့်အလင်းရောင်တစ်ခုထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။ အလင်းရောင်က အနည်းငယ်ပျံ့နှံ့သွားခဲ့ရပြီးနောက်မှာ ပြန်ကျုံ့သွားခဲ့ရပြီး ဝေဘင်း၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

ဝေဘင်းကနာကျင်မှုကြောင့် ညည်းညူလိုက်သကဲ့သို့ သူ့ရဲ့လက်ကိုလည်း တင်းတင်းဆုပ်ထားမိလိုက်သည်။

ဒါကိုမြင်လိုက်ရသည့်အခါ ဝေချင်းချင်းက စိုးရိမ်ပူပန်စွာဖြင့် ခေါ်လိုက်သည်... "မောင်လေး..."

ဆရာယင်က ခပ်ဖွဖွပြုံးလိုက်ပြီးပြော၏... "စိုးရိမ်စရာမလိုပါဘူး သခင်မလေးဝေ... ကျွန်တော့်ရဲ့မူလမှော်စာလုံးက အဆိပ်ကို စတင်ပြီးဖယ်ရှားရှင်းလင်းနေပါပြီ... ဒါက နည်းနည်းတော့နာကျင်မှုရှိလိမ့်မယ်..."

နဂါးမင်းသား၏ကံကြမ္မာWhere stories live. Discover now