ဗိုလ်ချုပ်ကြီးအိမ်တော်၏ အနောက်ဘက်ခြံဝင်းထဲတွင် အခန်းတစ်ခုရှိနေသည်။ဇူယွမ်နဲ့ကျန်တဲ့လူတွေ ရောက်ရှိလာသည့်အခါ ဝေကန်းလန်နှင့်ဝေချင်းချင်းတို့ စောင့်ဆိုင်းနေလျက်ရှိသည်ကို တွေ့လိုက်ရသည်။ သူတို့နှစ်ယောက်က ဇူယွမ်တို့ကိုမြင်လိုက်သည့်အခါ အလျင်အမြန်ပင်ရှေ့သို့လျှောက်လှမ်းလာခဲ့ပြီး ကြိုဆိုလိုက်ကြသည်။
ထို့နောက်မှာ ဝေကန်းလန်ကပြုံးလိုက်ပြီး ဇူယွမ့်ကိုမေးလိုက်သည်... "မင်းသားလေး... မင်းသားလေးကကုသမှုကို ဒီနေ့စပြီးလုပ်တော့မလား..."
ဇူယွမ်ပြန်ပြုံးပြလိုက်ကာ ခေါင်းညိတ်ပြခဲ့သည်။ ထို့နောက်မှာ သူကအခန်းတွင်းသို့လျှောက်လှမ်းဝင်သွားလိုက်ပြီး ဝေဘင်းလဲလျောင်းနေသည့် ကုတင်ရှေ့သို့ရောက်ရှိလာခဲ့သည်။ သူ့ရဲ့ပုံစံက ယခင်ထက်စာရင် ပိုပြီးကောင်းမွန်မှုရှိလာတယ်ဆိုပေမဲ့ ဆရာယင်က နတ်ဆိုးမြူအဆိပ်ကို ဝေဘင်းရဲ့ခန္ဓာကိုယ်ထဲမှာ ဖိအားပေးထိန်းချုပ်ထားသည်ကို သူသိပေသည်။ အဆိပ်ကနောက်တစ်ကြိမ်ပြန်လည်ထွက်ပေါ်လာခဲ့မယ်ဆိုရင် သေချာပေါက်သူ့ရဲ့အသက်ကို ယူဆောင်သွားပေလိမ့်မည်။
ဇူယွမ်က သူ့ခါးတွင်ချိတ်ဆွဲထားသည့် အနက်ရောင်သိုလှောင်အိတ်ကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ ၎င်းသိုလှောင်အိတ်က သူတို့တွေဇူအင်ပါယာမြို့တော်မှ ထွက်ခွာမလာမီမှာ ဇူချင်က တော်ဝင်ဘဏ္ဍာတိုက်မှထုတ်ယူကာ သူ့ကိုပေးထားခဲ့ခြင်းဖြစ်သည်။ ၎င်းရဲ့အဆင့်က အရမ်းကြီးမြင့်မားခြင်းမရှိသော်ငြား ပေအနည်းငယ်ကျယ်ဝန်းသည့်နေရာလွတ်ရှိရုံမျှဖြင့်ပင် သူ့အတွက်အဆင်ပြေပေသည်။
ဇူယွမ့်လက်ထဲ၌ ပုလင်းအချို့ထွက်ပေါ်လာခဲ့ရ၏။ ထို့နောက်မှာ သူကသတ္တုပြားတစ်ချပ်ကိုထုတ်ယူလိုက်ပြီး ပုလင်းထဲရှိအရည်တွေကို ၎င်းအပေါ်သို့သတိကြီးကြီးထား၍ တစ်စက်ချင်းချလိုက်ပြီး စတင်ပြီးရောစပ်လိုက်သည်။
ထိုအခိုက်မှာပင် ၎င်းအရည်တွေထံမှ ဆိုးရွားသည့်အနံ့တစ်ခုထွက်ပေါ်လာခဲ့ရသည်။ အနံ့တစ်ခုတည်းနဲ့တင် လူတိုင်းကို မူးနောက်သွားစေနိုင်လိမ့်မည်ဖြစ်သောကြောင့် ထိုအရည်က ဘယ်လောက်ထိအဆိပ်ဖြစ်စေနိုင်လဲဆိုသည်ကို ရှင်းရှင်းလင်းလင်းဖော်ပြနေပေသည်။
YOU ARE READING
နဂါးမင်းသား၏ကံကြမ္မာ
Fantasiaနဂါးမင်းသား၏ကံကြမ္မာpageမှာ စာစဥ်လာရောက်ဝယ်ယူနိုင်ပါတယ်။