(3)zawgi (new version)

123 11 0
                                    

ရိုးရှင်းမှုတွေထဲ တိုးဝင်ခဲ့တာ လူသားတစ်ယောက်ငြိတွယ်ရာဖြစ်ခဲ့ရတာက ဘဝတစ်လျှောက်အဆုံးသတ်မှာ ပျော်စရာဇာတ်သိမ်းဖြစ်ရပါလို၏........ကိုယ့်ဆုတောင်းတွေဟာ အစကနေ အဆုံးတိုင် မပြောင်းလဲခဲ့ပါ။ တွယ်ငြိစရာရယ်လို့ သိပ်မရှိတဲ့ ကိုယ့်ဘဝမှာ မြင်မြင်ချင်းမေတ္တာသက်ဝင်မိသူ မင်းနဲ့ ပတ်သတ်ရင် ငိုကြွေးရခြင်းတွေလည်း ကင်းစေချင်ခဲ့တာ။ ပြဇာတ်တင်ဆက်လို့ပြီးဆုံးချိန် လိမ္မော်ရောင် လီလီပန်းစည်းကြီးနဲ့ ကိုယ့်ဆီရောက်ချလာတဲ့ မင်းက အနုပညာအသင်းခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေလည်း မလစ်ဟင်းစေခဲ့ဘူး။ "ငါတို့ ခေါင်းဆောင် မင်းသမီးတာဝန်ကျေပါတယ် ဒါက အကောင်းဆုံးလုပ်နိုင်ခဲ့လို့ ဂုဏ်ပြုပါတယ်နော် "မင်းယူဆောင်လာတဲ့ ပန်းတွေ မင်းရဲ့ ကိုယ်သင်းရနံ့လိုပဲ မွှေးပျံ့တယ်။ မင်းရဲ့ ချီးမွမ်းစကားတွေ မင်းအပြုံးတွေလိုပဲ ကိုယ့်ရင်ကို အေးမြစေတယ်။ မင်းက ကိုယ့်အတွက် ပြည့်စုံသော သက်ရှိအနုပညာပြယုဂ်။ ပခုံးချင်းယှဉ်ပြီးလျှောက်လာခဲ့တဲ့ ငုဝါပင်တန်းမှာ ကိုယ့်ရင်တွေခုန်နေတာ မင်းမသိခဲ့ဘူး မဟုတ်လား။ အပြာနုရောင် ဂျင်းကျောပိုးအိတ်လေးကို ပခုံးစွန်းမှာ ချိတ်ပြီး လမ်းမှာ တွေ့သမျှအပင်တွေရဲ့ အကိုင်းတွေကို မမှီတမှီ ခူးယူခြွေဖဲ့နေတာ များ ကိုယ့်နှလုံးသားလေးတောင် ဘာမဆိုင်ညာမဆိုင် အဲ့ဒီအကိုင်းအခက်တွေနေရာ အစားဝင်မိချင်တဲ့ အထိပဲ။ အင်း.... ဒီလိုဆို မင်းလက်ထဲ အရောက် လိုလိုလားလား သက်ဆင်းကြွေကျပေးလိုက်မှာ။ "အိမ်မပြန်ချင်သေးဘူး "ရုတ်တရက်ထပြောတဲ့ မင်းရဲ့ မျက်ဝန်းတွေဟာ ကိုယ်နဲ့ အတူအချိန်ဖြုန်းချင်တယ်လို့ တဖတ်သတ်မှတ်ယူချင်စရာကောင်းအောင် ညှို့နေတယ်။ "အဲ့တာဆို ဘယ်သွားချင်လဲ နေခြည် ""ဒီမြို့မှာ ငါ သွားချင်တဲ့ နေရာက မရှိတော့သလောက်ပဲ "........"အာ ဟုတ်ပြီ ငါ့ကို နင်နေတဲ့ အဆောင်ကို အလည်ခေါ်ပါလား လွင် "ခပ်လွယ်လွယ် သဘောတူပြီးမှ နည်းနည်းတောင် နောင်တရချင်မိသွားတယ်။ အခုရက်ပိုင်း ပြဇာတ်တိုက်ဖို့ အလုပ်ရှုပ်နေခဲ့တာမို့ အခန်းမရှင်းရသေး။ အဆောင် ကိုရောက်တော့ ခြံဝန်းထဲမှာ ခဏစောင့်ခိုင်းတော့လည်း ပြုံးပြုံးလေးနဲ့ နာခံရှာသား။ အဆောင်ပိုင်ရှင် အန်တီကြီးနဲ့တောင် စကားတွေလက်ဆုံကျသွားတဲ့ ကောင်မလေးကို ကိုယ် အခန်းပြတင်းကနေ ခိုးကြည့် မိသေးတယ် နေခြည်ရယ်။ "ဝိုး အခန်းပြင်ဆင်ထားတာ လှလိုက်တာ လွင် နင်က အပြာရောင်ကြိုက်တာလား "မွေ့ယာ အိပ်ယာခင်းနဲ့ လိုက်ကာတွေကအစ စားပွဲခင်းတွေ အဆုံး ကောင်းကင်ပြာရောင် တွေချည်းသုံးထားတဲ့ ကိုယ့် အခန်းကို မင်းက သဘောကျတယ်တဲ့လား။ တကယ်လို့များ ကိုယ် ကံကောင်းခဲ့ရင် အနာဂတ်မှာ မင်းအတွက် အိမ်တလုံး ဖန်တီးပေးချင်သေးတယ် ။ "ငါက ခရမ်းရောင်ကို ကြိုက်တာ ငါ့အခန်းမှာလည်း ခရမ်းရောင်တွေချည်းပဲ အာ နောက်ကျ နင့် ငါ့အိမ်ကိုပါ လိုက်ခဲ့ရမယ်နော် လွင် "ငြင်းဖို့ အကြောင်းရာတော့ အထွေအထူးမရှိပါဘူးကွယ်။ "တစ်ခုခု စားမလားနေခြည် "ခေါက်ဆွဲပြုတ်စားချင်တယ်ဆိုတာကြောင့် အသင့်ဝယ်ထားတဲ့ ခေါက်ဆွဲသေတ္တာကြီးကို ရှေ့ချပေးတော့ သွက်သွက် လက်လက်နဲ့ မွှေနှောက်နေတာ မင်းအိမ်မင်းရာရောက်နေတဲ့ အတိုင်းပဲ။ အော် နောက်ဆို ကိုယ့်အပိုင်ကလည်း မင်းအပိုင်ပဲဖြစ်လာမှာဆိုတော့ အဆင်ပြေသားပဲ။ "လွင်" "ဘာလဲနေခြည်""ဘာလို့ ခေါက်ဆွဲထုပ်တွေက အချိုအရသာတွေချည်းလဲ စပ်တာ တစ်ခုမှ မပါဘူး ""အစပ်စားချင်တာလား ""ဒါပေါ့ ခေါက်ဆွဲ ဆိုတာပူပူစပ်စပ်လေးမှ အရသာရှိတာလေ လွင်ရဲ့ "ခဏစောင့်ဆိုကာ လမ်းထိပ်က စတိုးဆိုင်ကို ပြေးဖို့ လုပ်ရတယ်။ အစားပုတ်လေးက အားနာပါးနာတောင် မတားပါဘူး။ ရေနွေးအိုးတည်ရင်း စောင့်နေမယ်လို့တောင် အော်ပြောသေးတယ်။ ကိုယ်က အစပ်နဲ့ မတည့်တော့ ဘာတံဆိပ်က ကောင်းမှန်း တကယ်မသိ။ တွေ့ရာခေါက်ဆွဲထုပ်တွေကို စင်ပေါ်က ဆွဲချယူလာတော့ ကောင်တာက ရင်းနှီးနေတဲ့ ဆိုင်ရှင်က တအံ့တဩဖြစ်နေသေးတယ်။ သူ ခေါက်ဆွဲပြုတ်နေတုန်း မွေ့ယာထက်မှာ ငြိမ်ငြိမ်လေးထိုင်ကာ မျက်လုံးအပြူးသားလေးနဲ့ လိုက်ကြည့်နေလေသည်။ သို့သော် ပါးစပ်က အငြိမ်မနေ...."လွင် ရေနွေးက ခေါက်ဆွဲမြုပ်ရုံပဲနော်""လွင် ခေါက်ဆွဲပြုတ်က သူ့ချည်းစားလို့မကောင်းဘူးရော ကြက်ဉလေးတစ်လုံးစီ ထည့်လိုက်ပါလား""အော် ဟုတ်သားပဲ အားလူးကြော်လည်းဝယ်လာတာပဲ တွဲစားရင် အရမ်းလိုက်တယ်""လွင် ကြက်အူချောင်းရော ညှပ်ထည့်ပေးနော် ....အား ဗူးထဲက ရေနွေးတွေ သွန်လိုက်တော့ သုံးမိနစ်ကျော်ရင် ပွသွားပြီး စားမကောင်းဘဲ နေလိမ့်မယ်""သောက်စရာဘာရှိလဲဟင် ငါက ဘာပဲဖြစ်ဖြစ်ရပါတယ် နင်ရော ဘာသောက်မလဲ ကိုကာကိုလာနဲ့ ခေါက်ဆွဲပြုတ်က အလိုက်ဆုံးပဲ အဲ့တာလေးပဲ သောက်နော် ဝယ်လာတယ်မဟုတ်လား"အိမ်က အငယ်ဆုံးသမီးလေးရဲ့ သည်းခံနိုင်စွမ်းတွေကို မေမေသိရင် သွေးတက်လေမလား။ တခါတရံအချစ်က စိတ်ရှုပ်စရာကောင်းနေတယ်ဆိုပေမယ့် တွယ်တာရာလေးလဲဖြစ်နေတော့အခက်သားဗျာ ရင်ခုန်စွာရှေ့ဆက်မိခဲ့တဲ့ မနက်ဖြန်တိုင်းမှာ သူပါနေရင် ဝမ်းနည်းစရာဆိုတာဘာလဲမသိခဲ့ဘူး ။ဆံပင်တွေကို သားရေကွင်းတစ်ကွင်းနဲ့ စုချည်လိုက်ပြီး ကြမ်းခင်းပေါ်မှာ ပယ်ပယ်နယ်နယ် ခေါက်ဆွဲတွေထိုင်စားနေတဲ့ ကောင်မလေး....အပေါ်နှုတ်ခမ်းပါးလေးနဲ့ စင်းသွယ်နေတဲ့ နှာသီးဖျားကြားက ချွေးစက်လေးတွေကို လက်ခုံလေးနဲ့ သုတ်လိုက် စပ်လွန်းတဲ့ ခေါက်ဆွဲဟင်းရည်တွေကို ပန်းကန်လိုက်မော့သောက်လိုက် တစ်ယောက်တည်း အလုပ်ရှုပ်နေတဲ့ ကောင်မလေး.....ကြက်အူချောင်းနဲ့ ကြက်ဥပြုတ်တွေကို တကိုက်စာလေးတွေကိုက်စားလိုက် အရသာခံလိုက်နဲ့ ကိုယ့်ကို အချက်အပြုတ်တော်တယ်လို့ ချီးကျူးနေတဲ့ကောင်မလေး ......ကိုယ်ကတော့ အဲ့ဒီကောင်မလေးကို ငေးကြည့်ရင်း တနေ့တာကို အကောင်းဆုံးကျော်ဖြတ်ခဲ့တာပေါ့။ နေခြည် မင်းဟာ ကိုယ့်မနက်ဖြန်တိုင်းရဲ့ ရှင်သန်စရာ အကြောင်းပြချက်လေးလား။ "လွင် သိလား ငါလေ မနေ့ညက ကိုးရီးယား ဒရမ်မာကြည့်တော့လေ ""အင်း ""ခေါက်ဆွဲပြုတ်စားမလားဆိုတာ သူတို့ဆီမှာ သဘောကျနေတဲ့ တစ်ယောက်ယောက်ကို ဒိတ်ချင်ရင်မေးတဲ့ စကားတဲ့ ""ဟုတ်လား ""အင်း ဟုတ်ပါတယ်ဆို နင် ကိုးရီးယားဒရမ်မာ မကြည့်ဖူးလား အဲ့ဒီဇာတ်ကားလေး အရမ်းကောင်းတာရော ကြည့်မလား ငါ ကူးပေးမယ်" "ဟင့်အင်း" "မကြိုက်ဘူးလား ဘာလို့လဲ ငါတို့အရွယ်တွေအကုန်လုံး K-Drama ကြည့်ကြသလို K-Pop သီချင်းတွေလို နားထောင်ကြတာ ပုံမှန်ပဲကို လွင် အဲ့တော့ နင် ပျင်းရင် ဘာလုပ်လဲ "ကိုယ် လက်ညှိုးညွှန်ပြရာကို ကြည့်မိတော့ ပြောင်းလဲသွားတဲ့ မင်းမျက်နှာကို ကိုယ် ဘယ်တော့မှ မေ့မှာ မဟုတ်တာ သေချာတယ် နေခြည်။ ကုတင်ဘေးက အလျား ခြောက်ပေခန့် အနံခြောက်ပေခန့် ရှိတဲ့ စာအုပ်စင်ပေါ်မှာ နေရာယူထားတဲ့ စာအုပ်တွေကို မင်း အစ ကတည်းက မမြင်ခဲ့တာလား လျှပ်ပြာလေးရယ်။ ချက်ချင်းစာအုပ်စင်နားရောက်သွားတဲ့ မင်းလေးရဲ့ မျက်ဝန်းတွေဟာ မယုံကြည်နိုင်စရာ မြင်ကွင်းကို မှင်သက်နေဆဲ ကလေးတစ်ယောက်လို။ "လွင် လွင် နင် ဒီစာအုပ်တွေ အကုန်ဖတ်ပြီးပြီးလား ဟင် ဝိုး ...ကြည့်ပါဦး စာအုပ်တွေ စာအုပ်တွေ စုံလို့ပဲရော " မင်းပစ်ချထားခဲ့တဲ့ စားပြီးသား ခေါက်ဆွဲပန်းကန် ကိုသိမ်းဆည်းပြီး ပြန်လာတော့ မင်းလေးဟာ ကိုယ့်စာအုပ်စင်ကို မွှေနှောက်နေပြီးပြီ။ "လွင် လွင် ငါလေ နင့်ကို ထင်မထားဘူးရော စာဖတ်ဝါသနာ ပါလိမ့်မယ်လို့ ""ကိုယ့်ကို ဘာကြည့်ပြီး အဲ့လိုထင်လိုက်တာလဲ နေခြည် ""ဒီလိုကွာ နင်က အရမ်း မိမိုက်ပြီး အရမ်းခေတ်ဆန်တဲ့ အပြင်အဆင်နဲ့ ဆိုတော့ ဒီလို စာပေတွေဖတ်ဖို့ လုံးဝ စိတ်မပါလောက်ဘူးထင်ထားတာ ""စာပေဆိုတာ ခံစားတတ်တဲ့ နှလုံးသားရှိသူတိုင်း တနည်းနည်းနဲ့တော့ နှစ်သက်ကြတဲ့ အနုပညာပဲလေ အပေါ်ယံ အပြင်အဆင်တွေနဲ့ မဆိုင်ပါဘူး ""လွင် လွင် ငါနင့်ကို လုံးဝ လေးစားသွားပြီ သိလား တကယ်တော့ ငါလည်းစာအုပ်ဖတ်ရတာကို ပိုကြိုက်တယ် ""ဖတ်ချင်တာ ရှိရင် ယူဖတ်လေ" "ဟီး တကယ်လား အဲ့တာဆို ငါ အားမနာတော့ဘူး ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ စာအုပ်တွေ ငှားပါလား အရင်က pdf ကို download ချပြီး ကွန်ပျူတာကနေ ဖတ်ပြီးသားဆိုပေမယ့် ဒီလိုစာအုပ်ကို လက်က ကိုင်ဖတ်ချင်တာ ""အင်းပါ ကြိုက်တာ ယူသွား ""ဟီး ဖြေးဖြေးပေါ့ တက္ကသိုလ်ဘုန်းနိုင်ပြီးရင် ခင်ခင်ထူး ပြီးရင် မစန္ဒာ ပြီးရင် မောင်သာချို .... မောင်ထွန်းသူ ဘာသာပြန်တွေလည်းရှိတာပဲ အိုး ငါတော့ တကယ့် ရတနာသိုက်ကြီး တွေ့လိုက်ရသလိုပဲ လွင် ငါ စာအုပ်တွေကို သေချာကိုင်ပါ့မယ်နော် ဒီမှာ ဖတ်လို့မပြီးရင် အိမ်ထိ ငှားနော် ""မင်းစိတ်ကြိုက်လုပ်ပါ "အခန်းထောင့်မှာ ကျကျနန ထိုင်ပြီး စာဖတ်နေတဲ့ မင်းဟာ အဲ့ဒီနေ့က စလို့ ကိုယ့် စာအုပ်စင်စောင့် နတ်သမီးဖြစ်လာခဲ့တယ်။ နေဝင်ချိန် ဆည်းဆာနေရောင် တစွန်းတစဟာ စာအုပ်စင် ဘေးနားမှာရှိတဲ့ ပြူတင်းတံခါးက တဆင့် မင်းရဲ့ ဆံနွယ်တွေပေါ် ခစားခဲ့ဖူးတယ်။ မနက်ခင်းရဲ့ လေနုအေးတွေကလည်း မင်းရဲ့ ပါးပြင်ပေါ်ကို ဖြတ်သန်းတိုက်ခတ်ခဲ့ဖူးတယ်။ မင်းကတော့ အလုံးစုံသော အာရုံစူးစိုက်မှု့ကို စာမျက်နှာထက်က အက္ခရာတွေထက်သာ ပုံချထားခဲ့တယ်..... ကိုယ့်ရဲ့ တိတ်တခိုး အကြည့်တွေကိုတောင် မမြင်ဘဲနဲ့ပေါ့ ။ မင်းနဲ့ ကိုယ်ရဲ့ တချက်တည်းသော ထပ်တူညီတဲ့ ဝါသနာဟာ စာဖတ်ခြင်းတဲ့လား။ စာပေတွေကို မင်း မြတ်နိုးသလို စာဖတ်တာကို နှစ်သက်တဲ့ ကိုယ့်ကိုလည်း မေတ္တာတွေ ပေးနိုင်ဖို့ ဆုတောင်းမိတယ် နေခြည်ငယ်..... ကမ္ဘာကုန်ကျယ်သရွေ့ မင်းတစ်ယောက်ကိုသာ ရည်စူးမိပါ၏။ တတိုင်းမွှေး(17/11/22)............................................................................

ရွှေချည်ကြိုးဆွဲရာ(GL)Hikayelerin yaşadığı yer. Şimdi keşfedin