"ကိုကို ကျွန်တော့်ကို ချစ်လား~~~"
ကိုကို ဘာဖြေလာမလဲဆိုတာ ကျွန်တော်သိနေပေမဲ့ ကျွန်တော် ခေါင်းမာမာနဲ့ ဆက်မေးမိတယ်။ကိုကိုက ကျွန်တော့်ကို ချစ်တယ်လို့ ကျွန်တော့်စိတ်ထဲ ခံစားနေရပေမဲ့ ကိုကို့ပါးစပ်ကနေ တစ်ခါမှ ဝန်မခံခဲ့ဖူးဘူး။အဲ့ဒါကြောင့် အရာရာဟာ ဒွိဟ ဖြစ်စေတယ်။
ကိုကို့မျက်လုံးတွေက ခပ်ဆွေးဆွေးလေး ကျွန်တော့်ကို စိုက်ကြည့်ပြီး အဖြေစကားဆိုလာပေမဲ့ ဒီအဖြေက ကျွန်တော်လိုချင်တာ မဟုတ်ပြန်ဘူး။
"ကိုကို တောင်းပန်ပါတယ် ဉာဏ် "
ကျွန်တော့်စိတ်တွေလေးလံပြီး ကူကယ်ရာ မဲ့ လာခဲ့တယ်။ဒီစကားပဲကြားရမယ်ဆိုတာကို သိပါလျက်နဲ့ ။
"မဟုတ်ဘူး ကိုကို.. ကျွန်တော်လိုချင်တဲ့ အဖြေက ဒါမဟုတ်ဘူး ..တိကျတဲ့ အဖြေကို လိုချင်တာ"
ကျွန်တော်ခေါင်းကို အသွင်သွင် ခါပြီး ငြင်းဆိုတဲ့အခါ ကိုကိုက ကျွန်တော့်ခေါင်းကဆံပင်လေးတွေကို သူ့ရဲ့ လက်ဖဝါးအကြီးကြီးနဲ့ နူးညံ့စွာ ပွတ်သပ်ပေးပြီး တွေတွေလေးငေးရင်း ပြောလာတယ်။
"ဒါက တိကျတဲ့ အဖြေပဲ ဉာဏ်"
"ကိုကို ကျွန်တော့်ကို ချစ်ခဲ့ဖူးလား?"
"အင်း ...ချစ်ခဲ့တာမဟုတ်ဘူး... ချစ်နေဆဲပဲ"
ကျွန်တော် ကိုကို့ဆီက ကြားရတဲ့ အဖြေစကားလေးကြောင့် ဘယ်ဘက်မျက်လုံးကနေ ဝမ်းနည်းမျက်ရည်တို့က မြေပြင်ပေါ်ကို ပေါက်ခနဲ စီးကျသွားပြီးနောက် ကျွန်တော် ခနဲ့စွာနဲ့ ကိုကို့အား ပြန်မေးမိတယ်။
"အဟက်... ဘယ်လို အချစ်မျိုးနဲ့ ချစ်ခဲ့တာလဲ ကိုကို"
"ကိုကို ဉာဏ့်ကို ညီလေး တစ်ယောက်လိုပဲ ချစ်ခဲ့တာပါ"
ကျွန်တော်မျက်လုံးတွေကို စုံမှိတ်လိုက်ပြီး မျက်ရည်တွေကို လွတ်လပ်စွာ ကျဆင်းခွင့် ပေးလိုက်တာနဲ့ ရှိုက်သံလေးက ပါ မြိုသိပ်ထားပါလျက် ပေါ်ပေါက်လာတယ်။ကျွန်တော်ဟာ တကယ့်ကို အတ္တသမား။ကျွန်တော့်ကို ကိုကို ညီတစ်ယောက်လို ချစ်တာ မလိုချင်ဘူး။