မိုးရေစက်တို့ကွေ့ကွေ့ကောက်ကောက် စီးဆင်းကျလျက်ရှိသော မှန်ပြတင်း၏တစ်ဖက်သို့ တွေငေးစွာကြည့်နေမိသည်။ လွင့်မျောလျက်ရှိသော မီးခိုးရောင်တိမ်စိုင်တို့နဲ့အတူ ညို၏မသိစိတ်ဟာလည်း အတိတ်ဆီသို့ခြေဆန့်လျက်။ အဖန်ဖန်နာကျင်ရလည်း အကြိမ်ကြိမ်အမှတ်မရှိစွာ ဤအတိတ်တို့အားပြန်လည်တွေးတောလို့မဆုံး။ နှလုံးသည်းပွတ်ဟာနာကျင်ရပေါင်းများလည်း ထုံကျင်မှုမရှိစွာ အသစ်ကဲ့သို့ပင်။
ဝဋ်ကြွေးတွေမကုန်သေးဘူးထင်ပါရဲ့။
ပေးဆပ်သင့်သလောက်ပေးဆပ်ခဲ့ပြီးပြီဖြစ်ပေမယ့် ညို့ဘက်ကတာဝန်မကျေသလိုခံစားခဲ့ရတာချည်းပါပဲ။ အကြောင်းရင်းတစ်စုံတစ်ရာမရှိဘဲ ချစ်နေလျက်၊နွေးထွေးပေးနေလျက်နဲ့ ဝေးသွားခဲ့ကြရတာမျိုး...။ ဒီအခြေအနေထိဖြစ်သွားခဲ့ပြီးမှတော့ ကိုယ့်အမှားပဲရှိပါစေတော့ပေါ့။
ကော်ဖီဆိုင်အသေးလေးရဲ့ အစွန်ဆုံးထောင့်ဝိုင်းလေး၌ဖြစ်သည်။ တိတ်ဆိတ်ပြီးသန့်ရှင်းမှုလည်းအားသာတဲ့ဆိုင်ဖြစ်တာကြောင့် စိတ်ကစဉ့်ကလျားဖြစ်တိုင်းရွေးချယ်မိသည့်ဆိုင်လေး။
မဖြစ်တော့..။ယခုအတိုင်းအတိတ်သို့ခြေဆန့်နေလျှင် မကျက်သေးသောအနာဟောင်းအားပြန်လည် တူးဆွသလိုဖြစ်နေတော့မည်။ လွင့်စင်နေသောအတွေးစတို့အား ဖြတ်တောက်ကာမနီးမဝေးရှိစာအုပ်စင်အသေးလေးဆီသို့ ခြေလှမ်းမိသည်။ ချစ်စဖွယ်စင်အသေးလေးထက် သူ့နေရာနှင့်သူစီရီနေသော စာအုပ်လေးများကညို့အားလက်ကမ်းကြိုဆိုလျက်။
" မမညို... "
ညို့နောက်မှတိုးလျလျနှင့်ထွက်ပေါ်လာသော တစ်ချိန်ကသိပ်ရင်းနှီးခဲ့တဲ့အသံလေး....။ မဟုတ်လိုက်ပါနဲ့ ကလေးမဟုတ်လိုက်ပါနဲ့။ မေ့ဖျောက်ဖို့ကြိုးစားနေပြီမို့ ပြန်အစဖော်ပြီး ထပ်မနာကျင်ပါရစေနဲ့တော့ကလေးရယ်...။
" ကလေး...."
ဘာခေါင်းစဉ်မှန်းမသိသော စာအုပ်ခပ်ထူထူတစ်အုပ်အားကိုင်ရင်း လှည့်မကြည့်ဘဲထူးမိသည်။ ထိုအခါ ယခင်တစ်ချိန်ကသက်ဆိုင်ခဲ့သူ ကလေးငယ်က နောက်ကျောဘက်မှသည် ညို၏ဘေးနားသို့ပြောင်းလဲကာနေရာယူပါ၏။
YOU ARE READING
ညို (one shot)
Short Storyညိုဆိုတဲ့ဖြစ်တည်မှုဟာ ကလေးဆိုတဲ့စိတ်နဲ့ပဲရှင်သန်နေရကြောင်း....