အပိုင်း - ၈၂ ( ခင်ဗျားကို ကာကွယ်ပေးမယ် )( အဲ့စကားကို ကိုယ် ပြောသင့်တာ မဟုတ်ဘူးလား )
ည လူခြေတိတ်ချိန်တွင် ဖြစ်သည်။
အမတ်မင်းဝမ်းက ကုတင်ခေါင်းရင်းအား မှီလျက် တစ်ခုခုတွေးတောနေ၏။
"ဘာဖြစ်လို့လဲ"
ကျောက်ယွဲ့က လူကို ရင်ခွင်ထဲ ပွေ့ဖက်ထားလိုက်ကာ မေးလာသည်။ ထိုခါမှ ဝမ်းလျိုနျဲန်က သတိပြန်လည်လာ၏။
"အာ..ဘာမှ မဟုတ်ပါဘူး"
ကျောက်ယွဲ့က တစ်ဖက်လူ၏ မေးစေ့အား ကိုင်လိုက်သည်။
"ကိုယ့်အတွက် စိုးရိမ်နေတာလား"
" ခင်ဗျား....ပြောပြပေးဖို့ အဆင်ပြေမလားဟင်"
" ကိုယ့်ရဲ့ အတိတ်နောက်ကြောင်းလား? "
ဝမ်းလျိုနျဲန် ခေါင်းညိတ်လိုက်၏။
"မုဝန့်လေ ချောက်ထဲပြုတ်ကျသွားတဲ့ နေ့မတိုင်ခင် ကိုယ်လည်း ကိုယ့်အတိတ်နဲ့ပတ်သက်ပြီး ဘာသံသယမှ မဝင်ခဲ့ဖူးဘူး။ လူမှန်းသိတတ်စကတည်းက အဖေ့ကိုပဲ ကိုယ် မှီခိုအားကိုးခဲ့တယ်၊ သူက ကိုယ့်အပေါ် အရမ်းကြင်နာနွေးထွေးခဲ့ပါတယ်။ သူ့ကို အိမ်ထောင်အသစ်ထူထောင်ဖို့ လူတွေ တိုက်တွန်းကြပေမယ့် အကုန်လုံးကို ငြင်းခဲ့တယ်။ သူ့စိတ်ထဲမှာ ကိုယ့်အမေတစ်ယောက်တည်းပဲ ရှိပါတယ်လို့ပဲ ပြောတယ်။ နောက်ပိုင်း ကိုယ် ဆရာနဲ့အတူတူ ယင်းယာတောင်တန်းမှာ သိုင်းပညာသင်ယူဖို့သွားတော့ ကိုယ့်အတွက် ကျီ့ယွဲ့ဓား ဝယ်လာပေးဖို့ တောင်ပိုင်းဒေသကလူကို လှမ်းမှာရင်း ငွေအများကြီး သုံးပေးခဲ့သေးတယ်"
"မုစံအိ်မ်ကရော ဘယ်အချိန်ကစပြီး လာပတ်သက်တာလဲ"
"ကိုယ် ကိုးနှစ်သားအရွယ်တုန်းကပါ။ အစကတော့ စီးပွားရေးကိစ္စနဲ့ တွေ့ဖြစ်ကြတာပဲ။ နောက်ပို်င်း ဘာကြောင့်မှန်းတော့မသိ ၊ မိတ်ဆွေရင်းချာထိ ခင်မင်လာကြတယ်။ အခု ပြန်တွေးကြည့်တော့ ကိုယ့်ရဲ့အတိတ်မှာ တကယ်ကိုပဲ ပြဿနာတစ်ခုခုရှိလို့ မုဝန့်လေက စောစောစီးစီး ထောင်ချောက်ဆင်ပြီး လာရောသလား တွေးမိတယ်၊ ြဖစ်ခဲ့သမျှကိစ္စတိုင်းက ကြိုတင်ကြံစည်ထားတဲ့ အကြံအစည်တွေဖြစ်နေမလား စိုးမိတယ်"