Unicode
_________တစ်ညနေလုံး မြင်မြင်သမျှလူကို မချိပြုံး, ပြုံးပြနေရတဲ့ ဆော့ဂျင်တစ်ယောက် ပွဲပြီးသွားသည့်အခါတွင်တော့ အရုပ်ကြိုးပြတ် မလဲရုံတမယ်ပင်။ သည်လူနဲ့ မဖြစ်မနေ ပတ်သက်ရတော့မယ် ဆိုတဲ့ အသိက သူ့ကိုယ်ပေါ်ကနေ လောလောလတ်လတ် ဖယ်ရှားလိုက်တဲ့ အနက်ရောင်ဝတ်စုံက သက်သေဖြစ်သည်။
အချစ်မပါသော လူနှစ်ဦးရဲ့ လက်ထပ်မင်္ဂလာပွဲ။ နှစ်ဖက်မိဘတွေရဲ့ ဆန္ဒကြောင့်ဖြစ်လာတဲ့ သည်ပွဲမှာ ကာယကံရှင်နှစ်ဦးကတော့ လိုတာထက် ပိုစိမ်းသက်နေခဲ့တာအမှန်ပင်။ wedding photo ရိုက်ခါနီး မဖြစ်မနေ လက်ချင်းချိတ်ခဲ့တာကလွဲရင် တစ်ယောက်နဲ့တစ်ယောက် မျက်နှာပင်စေ့စေ့ မကြည့်ဖြစ်ခဲ့။
သည်ပုံစံနဲ့ ရှေ့ဆက်ပတ်သက်ရတော့မယ့် ဆက်ဆံရေးဟာ ကြာရှည်မှာ မဟုတ်ကြောင်း ဗေဒင်မေးစရာတောင်မလိုပါ။ သာမန်စုံတွဲတွေအတွက် စိုးရိမ်ပူပန်စရာမျိုး ဖြစ်ကောင်းဖြစ်ပေမယ့် ဆော့ဂျင်ကတော့ ကြိုက်သည်။ ဖြစ်နိုင်ရင် အခုချက်ချင်းတောင် ပတ်သက်မှုကိုဖြတ်ပစ်လိုက်ချင်သည်။
"အဟမ်း..."
အခန်းထဲဝင်လာသူက အရင်ဆုံး ချောင်းဟန့်သံပေးသည်။ တစ်ခုခုပြောဖို့ စကားရှာနေပုံပင်။ ဆော့ဂျင် လှည့်မကြည့်ဖြစ်။ အရင်ဆုံးစကားစပြောလာတဲ့သူက အဲ့ဒီလူပဲဖြစ်ရမှာ။ သူကတော့ နည်းနည်းလေးတောင် အောက်ကျို့မပေးနိုင်။
"ကင်ဆော့ဂျင်..ဒီကို တစ်ချက်ကြည့်"
အမယ်...လေသံကိုက အထက်စီးဆန်လိုက်တာ။
ဆော့ဂျင် ပိုလို့ပင် စိတ်အချဥ်ပေါက်သွားကာ မကြားချင်ယောင် ဆောင်နေလိုက်သည်။ ခေါ်စမ်း..အဲ့မှာ။ သေသွားရင်တောင် လှည့်ကြည့်ဖို့ အစီအစဥ်မရှိဘူး။
"ကင်ဆော့ဂျင်.."
နာမည်အပြည့်အစုံခေါ်ကာ လေသံက နောက်ထပ် တစ်ဆင့်တိုးပြီး မာသွားတာမို့ ဆော့ဂျင် ထောင်းကနဲဒေါသဖြစ်သွားသည်။ စိတ်တိုတိုနဲ့ သတိလက်လွတ် လှည့်မကြည့်မိအောင် ထိန်းပြီး လက်ထဲက အင်္ကျီကို ချိတ်တစ်ခုမှာ ချိတ်လိုက်သည်။