Short Story 🤍

209 6 1
                                    

❄️

အေးစိမ့်နေသော လေအေးလေးက ကားပြတင်းပေါက်မှ တိုးဝင်လာသောကြောင့်
ကျွန်တော့်အသားထဲထိ စိမ့်ဝင်ကာအေးသွားသည်။အေးတယ်ဆိုမှ အခုက ဆောင်းရာသီဝင်စပြုနေပြီပဲ။ဒါပေမဲ့ ဒီအချိန် ကျွန်တော့်ရဲ့ဇာတိမြို့ဖြစ်တဲ့ မန္တလေးမှာတော့ မအေးသေးပါဘူး။အခု ဒီတောင်ပေါ်မြို့လေးမှာတော့ အေးစပြုနေပြီပဲ။
လေးအေးလေးတွေက အဆက်မပြတ်တိုးဝင်လာတာကြောင့် ကျွန်တော် ကားမှန်ကိုအပေါ်ကိုတင်လိုက်ရ၏။နေရာဒေသ အသစ်ဆိုတော့ ဖျားနာမှာဆိုးရသည်။အခုတောင် ခနလေး လေတိုက်ခံတာနဲ့ နှာစီးချင်သလို ဖြစ်နေပြီ။

ကျွန်တော်က တက္ကသိုလ်က နည်းပြဆရာတစ်ယောက်ပါ။ဒီတောင်ပေါ်မြို့လေးကိုရာထူးတိုးနဲ့ပြောင်းလာခြင်းဖြစ်၏။ကျွန်တော် ဒီမြို့လေးမှာ ငယ်ငယ်တုန်းကတော့ မေမေတို့နဲ့ ၈တန်းလောက်ထိနေခဲ့ဖူးပါတယ်။မရောက်ဖြစ်တာလည်းအတော်ကြာခဲ့ပြီပေါ့…။အခုကတော့ ဒုတိယအကြိမ်ပြန်ရောက်လာခြင်းပေါ့။အရာအားလုံးဟာ အချိန်ကြာလာတာနဲ့မျှပြောင်းလဲကုန်တော့ မြို့ထဲကနေရာ‌တော်တော်များများကို ကျွန်တော်သိပ်တောင်မမှတ်မိချင်တော့ဘူး။

ထိုစဉ် "အကို ဘယ်ကိုပို့ပေးရမလဲ…" ဟု ရှေ့ခန်းက ကားသမား၏ အသံကြောင့် ကျွန်တော်ရဲ့ အတွေးများပျောက်သွားခဲ့သည်။

"ဟုတ်ပါရဲ့…စီးလာတဲ့ကားက မြို့ထဲတောင်ရောက်နေပြီ ဘယ်ကိုပို့ရမလဲဆိုတာ ကားသမားကို မပြောရသေးဘူးပဲ…တက္ကသိုလ်ဘေးက မြန္ဒာရပ်ကွပ်ထဲက အိမ်အမှတ်(၁၀)ကို ပို့ပေးပါဗျာ"

ဒီမြို့လေးမှာရှိတဲ့ ကျွန်တော်ရဲ့အဒေါ်အိမ်လေ။ဒီတစ်နှစ်‌တော့ အဲ့အိမ်မှာပဲနေဖို့ ဆုံးဖြတ်ထားတယ်။ဒါပေမဲ့ ကျွန်တော်ကတော့ တစ်ယောက်ထဲပဲ အေးအေးဆေးဆေးလွပ်လွပ်လပ်လပ် တက္ကသိုလ်က ဆရာအိမ်ယာမှာရှိတဲ့ တိုက်ခန်းမှာပဲ နေချင်တာ မေမေက လက်မခံဘူးလေ။အခုထိ ကျွန်တော့်က တက္ကသိုလ်မှာဆရာဖြစ်နေတာတောင် ကလေးတစ်ယောက်လို မေမေကအမြဲစိတ်ပူနေတုန်းပဲ။ဘယ်လောက်ပြောပြောမရဘူး။‌ မေမေက သူဖြစ်ချင်တာဖြစ်ရမှ။အခုတလော
မေမေ့ကျန်းမာရေးကလည်းမကောင်းတော့ စိတ်ချမ်းသာအောင် သဘောတူပြီး နေမယ်ပြောလိုက်ရတယ်။‌မေမေကတော့ သူ့သားလေး
တစ်ယောက်ထဲဆိုတော့ စားရေးသောက်ရေးအဆင်ပြေအောင်ရယ်၊အဒေါ့်ကိုလည်း အဖော်ရအောင်ရယ်၊ကိုယ့်မှာလည်း အိမ်ရှိနေတော့ အိမ်မှာပဲနေစေချင်တာရယ်ကြောင့် ထင်ပါတယ်။

In The Dead Of Winter Where stories live. Discover now