အပိုင်း ၈၅

3.3K 425 8
                                    


Unicode


စန်းယွမ်ယွမ်သည် ရုတ်တရက် သူမလည်ပင်းက ပြေလျော့သွားတာကို ခံစားမိကာ လတ်ဆတ်သော လေအများကြီးက သူမရင်ဘတ်ထဲ တစ်ဟုန်ထိုးဝင်လာပြီး သူမမျက်လုံးကို မျက်ရည်တွေပြည့်အောင် မွန်းသွားစေတော့သည်။

ရွှေတုတ်ချောင်းကို ကိုင်ထားရင်းဖြင့် သူမက အလျှင်အမြန်ထရပ်လိုက်ရင်း မျက်ရည်တွေကြားကနေ ကျန်းကျင်ဖုန်းကို ခြိမ်းခြောက်ထားသည့် အနက်ရောင်ဝတ်အမျိုးသားကို လှမ်းကြည့်လိုက်သည်။

သူ့မျက်နှာက သူမမှတ်မိထားတာထက် ပိုဖြူလျော်နေသည်။ ဖြူလျော်သည်မှာ ထွင်းဖောက်မြင်ရမတက်ပင်။

သူက ကျန်းကျင်ဖုန်း၏ ဦးခေါင်းထိပ်ပေါ် လက်တစ်ဖက်တင်ကာ "လိမ္မာတယ်"ဟု ချီးမွှမ်းရင်း ခေါင်းကိုပုတ်နေလေသည်။

ပုတ်လိုက်သည့် အချက်တိုင်းမှာ ကျန်းကျင်ဖုန်း၏ ခန္ဓာကိုယ်က ပိုပုလာ၏။ ရှင်းပြရခက်စွာပင် သူမနှလုံးသားထဲမှာ အနည်းငယ် ပျော်ရွှင်သွားတော့သည်။

သို့သော်လည်း စန်းယွမ်ယွမ်အကြည့်တွေက ကျန်းကျင်ဖုန်း၏ ခြေထောက်ဆီ ရောက်သွားချိန်မှာတော့ သူမစိတ်ထဲမှာ ကြောက်ရွံ့ထိတ်လန့်မှုတစ်ခုတည်းသာ ခံစားရတော့သည်။

ဤလူက ကြောက်လွန်းလို့ ခြေထောက်တွေတုန်ယင်နေတာ မဟုတ်ပေ။ သူ့တစ်ကိုယ်လုံးကကို သစ်သားနှင့်တူသည့် ရုပ်ဝတ္ထုဖြစ်သွားတာဖြစ်သည်။ယုံးဝူမင့်က တစ်ချက်ပုတ်လိုက်တိုင်း ကျန်းကျင်ဖုန်း၏ ခြေသလုံးနှင့် ခြေဖဝါးတို့မှာ အောက်က သလင်းကျောက်ကြမ်းခင်းနှင့် တိုက်မိကာ ကျိုးပဲ့ကုန်ပြီး လွှစာမှုန့်အဖြစ် ကြေမွကုန်သည်။

ပိန်ရှည်ရှည်မြင်းမျက်နှာဟာ တွန့်ရှုံ့နေပြီး အလွန်အမင်းပုံပျက်နေသည့် ကောက်ကောက်ကွေးကွေးပုံဖြစ်နေ၏။ အလွန်အမင်းနာကျင်နေတာ ထင်ရှားလှသော်လည်း သူ့ခမျာ အသံတစ်သံမျှ မထွက်ဝံ့ချေ။

ယုံးဝူမင့်က သူ့ကိုမကြည့်။ စန်းယွမ်ယွမ်ထံသို့သာ ဖြည်းညှင်းတည်ငြိမ်စွာ ဆိုလာသည်။

"ပိုးစာပင်လေး ဆိုစမ်းပါဦး။မင်းရဲ့ထွက်ပြေးတိမ်းရှောင်မှုကြီးကို ကိုယ်ဘယ်လိုအရေးယူရမလဲဆိုတာ"

ကျန်းကျင်ဖုန်းမှာ လှုပ်ရှားရတာဆိုလို့ မျက်လုံးတွေသာရှိသည်။အကြောက်မွှန်နေသော အနက်နှင့်အဖြူ မျက်လုံးတစ်စုံဟာ မျက်လုံးအိမ်အတွင်းမှာ အရူးအမူး ချာချာလည်နေ၏။ သနားညှာတာပေးဖို့ တောင်းပန်လိုဟန်များဟာ သူ့မျက်လုံးထဲကနေ ပြည့်လျှံထွက်လာပြီး မျက်ရည်တွေက စီးကျလာသည်။ အလွန်အမင်း ကြောက်လန့်နေကာ အလွန်အမင်းလည်း နောင်တရနေလေသည။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now