"အေ့..အာကာမင်းမြတ်..ခင်ဗျားကလေ တော်တော် လေကြီးလေကျယ်နိုင်တာပဲအေ့.."
အာကာမင်းမြတ်လည်း မျက်မှောင်ကြုတ်ကာ
"ခင်ဗျားမူးနေပြီ.."
ထန်းရေအိုးထဲခေါင်းစိုက်နေသော မြို့သားက ရယ်ကာ
"ကျွန်တော်မမူးပါဘူး..ထပ်သောက်လို့ရသေးတယ်.."
အာကာမင်းမြတ်လည်း ခပ်ယဲ့ယဲ့ပြုံးကာ
"ပြန်ကြစို့.."
"ငါမပြန်ဘူး..အေ့..ထပ်သောက်ဦးမှာ.."
အာကာမင်းမြတ်လည်း ခေါ်လာမိတဲ့ ကိုယ့်ကိုကိုယ်သာ သတ်ပစ်ချင်မိသည်။
အဂွမ်းနှင့်သံဂွကတော့ မှောက်နေပြီဖြစ်သည်။အာကာမင်းမြတ်လည်း ထိုနှစ်ကောင်အား နှိုးကာ အိမ်ပြန်ခိုင်းလိုက်ပြီး ဘေးမှမြို့သားကိုတွဲပြီး အိမ်ပြန်ရန် စတင်ရတော့သည်။
ဘေးမှမြို့သားက လူတင်အငြိမ်မနေတာမဟုတ်။ပါးစပ်ကလည်း မငြိမ်မနေ။ဘာတွေပြောနေမှန်းမသိ။
ထန်းရေဆိုင်မှ ထွက်လာပြီး ထိုမြို့သားက ချောင်းစပ်က ခုံမှာ ဝင်ထိုင်သည်။ခုလိုပုံစံလေးဟာ အရမ်းချစ်ဖို့ကောင်းသည်။မျက်နှာလေးက နီစွေးစွေး။မျက်လုံးတွေကလည်း ပိတ်ကျနေသေးသည်။အာကာမင်းမြတ်လည်း ထိုမြို့သားအား ကြည့်နေမိသည်။
"ဟေ့ကောင်..ဘာတွေကြည့်နေတာလဲ.."
ထိုမြို့သားပြောမှပဲ အသိပြန်ဝင်လာကာ
"ကြည့်စရာလား..ခင်ဗျားရုပ်အရမ်းဆိုးနေလို့ ကြည့်နေတာ.."
ညနေဘက်ကို ရောက်လာပြီဖြစ်သောကြောင့် ပျိုမေတစ်သိုက် ရေခပ်ဆင်းရန် လာကြပြီဖြစ်သည်။ထိုမြို့သားက မူးချင်ယောင်ဆောင်နေတာလားမသိ..ပျိုမေတွေ ရေခပ်လာတာကို ပြုံးပြုံးကြီး ထိုင်ကြည့်နေသည်။
"အာကာမင်းမြတ်.."
"ပြော.."
"ဟိုမှာ ကောင်မလေးတွေ ရေခပ်လာပြီ..သီချင်းဆိုရအောင်.."
"ဟေ့လူ..ခင်ဗျားအရမ်းမူးနေပြီ..လာ..ကျုပ်ပြန်လိုက်ပို့မယ်.."
ထိုမြို့သားက ခေါင်းခါကာ
"မပြန်ဘူး..သီချင်းဆိုရအောင်.."