အပိုင်း ၉၃

3.6K 431 11
                                    

Unicode


တတိယမြောက်နေ့မှာတော့ ဘုရင်နှစ်ပါးက ဧကရာဇ်အား နှုတ်ဆက်ကာ ကျင့်ထျန်းနန်းတော်ကနေ ထွက်လာခဲ့ကြလေသည်။

သူတို့တွေ ထျန်းတုကနေ ထွက်လာကြချိန်မှာ ဟန်ရှောင်လင်က လမ်းမအလယ်မှာ ရပ်၍ လက်နှစ်ဖက်ကို ဘေးသို့ဆန့်ကာ စန်းပြည်နယ်၏ ရထားလုံးကို တားလိုက်၏။

"ကောင်းမွန်လှတဲ့ တူတော်လေးရယ်"

စန်းဘုရင်က သူ့မုတ်ဆိတ်ကြီးကိုသပ်ကာ ရယ်မောလိုက်ရင်း

"ဒီရက်အတွင်းမှာ ငါ့ကိုအပြစ်လျော့သွားအောင် မင်းက ဧကရာဇ်ရှေ့မှာ စကားအကောင်းတွေအများကြီးပြောပေးထားတယ်ဆိုပေမဲ့ ငါလည်း မင်းရဲ့ကြင်နာမှုကို တန်ဖိုးထားတယ်ဆိုပေမဲ့ ကိစ္စက ငါ့သမီးလေးနဲ့ သက်ဆိုင်နေရင်တော့ ကူညီချင်ပေမဲ့ မလုပ်ပေးနိုင်ဘူးလို့ပဲ ပြောလိုက်မယ်"

စန်းသားအဖဟာ အနည်းငယ်တက်ကြွကာ သက်ဝင်လှုပ်ရှားလာသလိုတောင်ခံစားလိုက်ရသည်။

သူတို့နှစ်ယောက်ဟာ အစကတည်းက စန်းယွမ်ယွမ်အား ဟန်ပြည်နယ်ထဲ ထည့်ပေးလိုက်ဖို့ကို တွန့်ဆုတ်နေကြတာဖြစ်သည်။ အကယ်၍ သူမနှင့် ဟန်ရှောင်လင်က လိုက်ဖက်သဟာဇာတဖြစ်နေလျှင်တော့ တော်သေးသည်။

ယခု သည်လိုတွေဖြစ်လာချိန်မှာတော့ စန်းသားအဖဟာ အလွန်စိုးရိမ်လာပြီး ပိုးစာပင်လေးအား အိမ်မှာပင် ချက်ချင်းလက်ငင်းဖွက်ထားချင်လာကြတော့သည်။သို့မှသာ ထိုသကောင့်သားတွေ သူမကို ကြည့်ခွင့်မရကြတော့မှာပင်။

ခပ်တိမ်တိမ်အပြုံးတစ်ပွင့်က ဟန်ရှောင်လင်၏ နှုတ်ခမ်းထောင့်မှာ ပေါ်လာ၏။

"ကျွန်တော် ဒီလာတာ စန်းမင်းသမီးကို တွေ့ဖို့ မဟုတ်ပါဘူး။ ကျွန်တော်လာရှာတာက စန်းဘုရင်နဲ့ အိမ်ရှေ့စံကိုပါ။ ကျေးဇူးပြုပြီး တစ်ချက်လောက် ကြည့်ကြည့်ပါ"

သူက ဘေးသို့ဖယ်ပေးကာ သူ့နောက်က ရထားလုံးကို ပြလိုက်သည်။

အနီးကပ် ကိုယ်ရံတော်နှစ်ယောက်က ရထားလုံး၏ လိုက်ကာစကို မ,တင်ကာ ပါးစပ်မှာ အဝတ်စဆို့ခံထားရသောအမျိုးသမီးတစ်ယောက်ကို ရထားလုံးအပြင်ဘက်သို့ ဆွဲခေါ်လာသည်။ သူတို့က စန်းသားအဖရှေ့သို့ သူမအား တရွတ်ဆွဲ ခေါ်လာလိုက်ကြ၏။

စန်းဘုရင်၏ မျက်လုံးတွေက အနည်းငယ်အေးစက်သွားသည်။

အမျိုးသမီး၏ မျက်နှာက တစ်ဝက်လောက်ရှိမည့်ရွှေရောင်မျက်နှာဖုံးဖြင့် ဖုံးကွယ်ခံထားရကာ ကျန်ရှိနေသည့် မျက်ခုံး၊ မျက်လုံး၊ နှာခေါင်းနှင့်နှုတ်ခမ်းတို့က စန်းယွမ်ယွမ်နှင့် ဆယ်ပုံမှာ ရှစ်ပုံလောက်တူနေလေသည်။

"တူတော်မောင် ဒါက ဘာအဓိပ္ပါယ်လဲ"

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Donde viven las historias. Descúbrelo ahora