မနက်ခင်း၏နေရောင်ခြည်နုနုဟာ ပြတင်းဆီမှဖြာကျပြီး မျက်နှာထက်သို့သက်ဆင်းလာတာကြောင့် ကင်မ်ဂျွန်ကယူ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာမှ အလူးအလဲနိုးလာတော့သည်။
မျက်လုံးဖွင့်ပြီး ဘေးပတ်ဝန်းကျင်ကိုကြည့်မိတော့ နေတောင်မြင့်နေပြီဖြစ်သည်။
ညတုန်းက ဟိုတွေးဒီတွေးဖြင့် တော်တော်နှင့်အိပ်မရခဲ့။
သန်းခေါင်ကျော်ရောက်မှ စိတ်ကိုလျှော့ချလိုက်ပြီး အိပ်ပျော်အောင် ကြိုးစားပြီးအိပ်ခဲ့ရသည်ဖြစ်လို့ အခုမနက်အိပ်ရာထတော့ ခေါင်းက မကြည်ဘဲ မူးနောက်နောက်ဖြစ်ချင်နေသည်။"ကင်မ်ဂျွန်ကယူကို ကျွန်တော်ချစ်တယ်။ ကျွန်တော့်ဘဝမှာ ဘယ်သူ့ကိုမှ မချစ်ခဲ့ဖူးဘူး။ ဒါပေမယ့် ခင်ဗျားမျက်နှာလေးကို ပထမဦးဆုံး မြင်မိတည်းက ကျွန်တော့်မှာ ခင်ဗျားကို မြတ်မြတ်နိုးနိုးနဲ့ ချစ်မိခဲ့တာပါ။ ခင်ဗျားသဘောတူလက်ခံမယ်ဆိုရင် ကျွန်တော် ခင်ဗျားကို လက်ထပ်ချင်ပါတယ်။
ခင်ဗျားရဲ့သဘောဆန္ဒကို ကျွန်တော်သိချင်ပါတယ်။ ဒါကြောင့် ခင်ဗျားရဲ့ပြန်ကြားချက်ကိုနားထောင်ဖို့ မနက်ဖြန်ညရှစ်နာရီမှာ ခင်ဗျားအိမ်ရှေ့က ပန်းခြံဆီကို ကျွန်တော်လာခဲ့မယ်နော်။ "မနေ့ညက ကြားခဲ့ရတဲ့ သူ့စကားတွေက ဂျွန်ကယူ့နားထဲမှာ တရစ်ဝဲဝဲ။
သူ့စကားတစ်ခွန်းကို တစ်ညလုံး ပြန်ကြားနေပြီး သန်းခေါင်ကျော်တိုင်အောင် ဂျွန်ကယူ အိပ်မပျော်နိုင်ဖြစ်ခဲ့ရသည်။သူ။
သူဆိုတာ ဟာရူတို။
ဂျပန်ဘုရင့်တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသည့် ဝါတာနာဘယ် ဟာရူတိုဆိုသည့် သူသည် မျဥ်းသုံးကြောင်း၊ကြယ်သုံးပွင့်အဆင့်ရှိ ဂျပန်လူမျိုးဗိုလ်ကြီးတစ်ဦး။အမိမြေကိုရီးယားအား သိမ်းပိုက်ထားပြီး ကျွန်ပြုအုပ်ချုပ်နေသည့် ရန်သူ့ဘက်တော်သားဖြစ်သော ဗိုလ်ကြီးဟာရူတို၏မေတ္တာစကားကို ကြားအပြီးမှာ ဂျွန်ကယူ တစ်ခဏတော့ ကြောင်အ သွားရသည်။
ဝါတာနာဘယ် ဟာရူတိုဆိုသည့် ထိုလူဟာ ကြီးမြင့်သော ဂျပန်မိသားစု၏အမွေခံဖြစ်သော အကြီးဆုံးသား။
ဘုရင်မင်းမြတ်၏အမိန့်ကြောင့်သာ အမှုတော်ထမ်းရွက်ဖို့ စစ်ဗိုလ်တစ်ယောက်ဖြစ်လာခဲ့ရပေမယ့် သူဟာ အေးအေးချမ်းချမ်းနေထိုင်ရသည်ကိုသာ သဘောကျသူတစ်ယောက်။
ဆွေကြီးမျိုးကြီးအသိုင်းအဝန်းမှပေါက်ဖွားလာခဲ့သည့် ပညာတတ်လူယဥ်ကျေးလေးတစ်ဦးဖြစ်သည်။