အခန်း (၂) - သရ သာဝတိ

36 4 0
                                    

11:20 PM

အခန်းထဲက မီးတွေအကုန်ပိတ်ပစ်လိုက်တော့
မေ့အိပ်ရာခြေရင်း နံရံမှာ ဖွင့်ကာစ ပရိုဂျက်တာရဲ့အစိမ်းပုပ်ရောင်သဲ့သဲ့ လေးထောင့်ကွက်တစ်ခုသာ အ​ဓိကအလင်းရောင်အဖြစ် ကျန်နေခဲ့တယ်။

အဲဒီအရောင်နဲ ့မြင်နေရတဲ့ အင်ဂရစ်(ဒ်)ရဲ့မျက်ဝန်းတွေက မေ့ကို လှမ်းကြည့်လိုက်တဲ့တချို့အချိန်တွေမှာ အဝါရောင်ဖြစ်နေသလိုပဲ။

အင်ဂရစ်(ဒ်)က
ဓါတ်ပုံတစ်ပုံကို စ ရွေးလိုက်တယ်။

ကျကျနန ပီပီပြင်ပြင်မဟုတ်ဘဲ
ဖြစ်သလို ထွင်းထုထားတဲ့ မက်တပ်ရပ်လူပုံစံ သစ်သားရုပ်ကလေးတွေ (၁၀)ခုကို ညစ်ပတ်ပေပွနေတဲ့မှန်ဘောင်တစ်ခုထဲကနေ တွေ့လိုက်ရတဲ့ပုံဟာ ပရိုဂျက်တာရဲ့အရည်အသွေးထဲမှာ ပိုပြီး ရွံဖို့ကောင်းလောက်အောင် ဖြစ်နေတယ်။

"(၂၁)ဂရမ် စမ်းသပ်မှု အကြောင်း ကြားဖူးလား မေ ..."

သစ်သားလူရုပ်တွေရဲ့ပုံစံတူဓါတ်ပုံတွေ တစ်ခုချင်းလိုက်ကြည့်နေရင်း စိတ်မသက်သာသလို ခံစားနေရခိုက်မှာပဲ အင်ဂရစ်(ဒ်)ရဲ့စကားသံ ရုတ်တရက်ဖြတ်ဝင်လာတော့ မေ နည်းနည်းလေး လန် ့ပြီး "အစ်"ကနဲ ဖြစ်သွားရပြီးမှ အင်ဂရစ်(ဒ်)ရှိရာကိုလှည့်ပြီး ခေါင်းခါပြလိုက်တယ်။

"(၁၉၀၁)ခုနှစ်တုန်းက ဒွန်ကန် မစ်(က်)ဒူးဂေါ(လ်)ဆိုတဲ့ ဆိုတဲ့ သမားတော်တစ်ယောက်ဟာ
ဝိညာဉ္ကို အလေးချိန်စစ်တဲ့စမ်းသပ်မှုတစ်ခုလုပ်ခဲ့ဖူးတယ်တဲ့ ... သူက သေခါနီးလူကို မသေခင်နောက်ဆုံးအချိန်နဲ ့သေပြီးတဲ့အချိန် အလေးချိန်စစ်ကြည့်တော့ (၂၁)ဂရမ် ကွာဟနေတာတွေ့ခဲ့ရတယ်"

အင်ဂရစ်(ဒ်)က ပြောရင်း
အပေးအယူအကြည့်တွေ မေ့ကို ပေးရင်း ခဏရပ်တန် ့သွားရာကမှ ဆက်ပြီး

"ထားပါတော့ ... အဲဒီစမ်းသပ်မှုက သိပ်လည်း အဓိပ္ပာယ်မရှိ အရာမရောက်လှပါဘူး၊ ပုံထဲက သစ်သားရုပ်ကလေးတွေ အကြောင်းပြောရရင် ... ကိုယ်တို့မြို့ရဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း(၃၀)ကျော်က ရှိခဲ့ဖူးတဲ့ အိပ်မက်နီ ဘာသာရေးဂိုဏ်းအကြောင်း အရင်ပြောပြဖို့လိုမယ် ... အမျိုးသမီးတစ်ယောက်ဦးဆောင်တဲ့ အဲဒီဘာသာရေးဂိုဏ်းဟာ ကိုယ်တို့မြို့က လူတွေအတွက် အစပိုင်းမှာတော့ ဟာသတစ်ခုလိုပဲ ... သူတို့နဲ ့ပတ်သက်တဲ့ ပုံပြင်တွေ စပြီး ပေါ်ပေါက်လာတဲ့အချိန် မတိုင်ခင်အထိပေါ့"

Ingrid Sleeps Over at MayWhere stories live. Discover now