မိုင်ရာမီ ချစ်ပုံပြင်
အပိုင်း (၉)
“ဒီနေ့ စာသွားပို့မှာမလား”
“ဘယ်လိုသိလဲ”
“အာရုံအရ”
သူ့နားထင်သူ လက်နှစ်ချောင်းနဲ့ထောက်ပြီး ပြောလာတဲ့ အာရွန့်ကိုကြည့်ကာ နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း ဂျီမင်းက မြေလမ်းပေါ်ကို ထွက်သွားတော့သည်။
“ဘာတွေရေးထားလဲ”
“ဘာလို့ပြောပြရမှာ”
“အချင်းချင်းတွေပဲ”
“ဘယ်တုန်းက”
“ကြာပေါ့”
ဂျီမင်းက ရယ်သည်။ တစ်ယောက်တည်းပဲ နေသားကျနေခဲ့တဲ့ သူ့ဘဝထဲ အာရွန်က တကယ်ပဲ ဝင်ရောက်လာခဲ့တာ။ ဘာအလုပ်မှ လုပ်စရာမလိုတဲ့ သူဌေးသားလေးက အချိန်ပြည့်ဆိုသလို ဂျီမင်းဆီမှာ။
ပန်းရောင်းတော့လည်း သူပါသည်။ မြင်းစာတွေသွားကျွေးတော့လည်း သူပါသည်။ စာတိုက်သွားလည်း သူပါမြဲ။ အာရွန် ဂျီမင်းအနား မရှိတဲ့အချိန်ဆိုလို့ အိပ်ချိန်တစ်ခုတည်းသာရှိသည်။
အာရွန် ဘယ်မှာနေတယ်၊ ဘယ်မျိုးနွယ်ကလဲဆိုတာမျိုး အာရွန်က ပြောမပြသလို ဂျီမင်းကလည်း ထုတ်မမေးဖူး။ အလုပ်တန်းလျားက လူတွေကတော့ ဂျီမင်းကို အာရွန်လို အထက်တန်းစားသူဌေးသားလေးနဲ့ သူငယ်ချင်းဖြစ်နေသည့်အတွက် ဝိုင်းအားကျနေကြသည်။
ဒါပေမဲ့ အဲ့ဒါတွေအကုန် အာရွန်ဘယ်လောက်မွှေတတ်လဲဆိုတာ သူတို့ မသိကြသေးလို့ပါ။ နောက်ပြီး နားပြုတ်မတတ် လေဘယ်လောက်ပေါလဲဆိုတာကိုရောပဲ။
ကင့်မ်ဆီကို စာပို့ပြီးသည်နှင့် အာရွန်နဲ့အတူ စာတိုက်ရုံးလေးထဲက ပြန်ထွက်ခဲ့သည်။ လမ်းခုလတ်က ရေသဖန်းပင်ကြီးကိုတွေ့တော့ ဂျီမင်းက ကလေးများလို အပြေးခူးပြန်သည်။
အပင်က ခပ်ပုပုရှိပေမဲ့ အသီးမှည့်တို့က ပြွတ်သိပ်နေသည်။ ဘာလုပ်လုပ် နောက်ကပါတတ်သူ အာရွန်ကပါ ဂျီမင်းနဲ့အတူ သဖန်းသီးလိုက်ခူးရင်း ဂျီမင်းစားပြသည့်အတိုင်း လိုက်စားသည်။
