Unicode
မုန်းမာန်ဖွဲ့ရန်ငြိုး
Part 135
အခန်း - ၁၀၅ အပိုင်း(၂)
ဒါကို တွေးမိရင်း ကျန်းယွမ် ဟုန်ရင်းကို ပြုံးပြလိုက်တယ်။
“ငါးယောက်မြောက်ကိုယ်လုပ်တော်ပြောတာက တကယ်ဆိုးရွားတာပဲ။ အိမ်တော်ထဲမှာ သခင်မရဲ့ ကလေးကို ကာကွယ်နေတဲ့သူတွေ အများကြီးရှိနေတော့ ငါးယောက်မြောက်ကိုယ်လုပ်တော် မစိုးရိမ်ပါနဲ့။ ငါးယောက်မြောက်ကိုယ်လုပ်တော်ရဲ့ ဦးစားပေးကိစ္စက သခင်မရဲ့ ဗိုက်ထဲက ကလေး မဖြစ်သင့်ဘဲ ကိုယ်လုပ်တော်ကိုယ်တိုင် ကလေးရအောင်လုပ်ဖို့လို့ ယွမ်နိုင်ထင်တယ်။”
သူမက လက်မထပ်ရသေးတဲ့ ကောင်မလေးဖြစ်ပြီးတော့ အိမ်တော်ရဲ့ ကိုယ်လုပ်တော်နဲ့ ကလေးယူဖို့ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးနေတယ်။ အဲဒါက သာမာန်ကိစ္စ ပြောနေတာလိုပဲ သူမရဲ့ မျက်နှာပေါ်မှာ ရှက်ရွံမှုလေး နည်းနည်းကိုတောင် မတွေ့ရဘူး။ ဟုန်ရင်း စိတ်ထဲမှာ လန့်သွားပေမဲ့ သူမက သူမရဲ့ နီရဲနေတဲ့ မျက်နှာနဲ့ ပြန်ဖြေလိုက်တယ်။
“အကြီးဆုံးသခင်မလေး ဒီကိုယ်လုပ်တော်က ကလေးမလိုချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့… ဒါပေမဲ့…..”
“ဆောင်ကြာမြိုင်မှာ မွေးတဲ့ကောင်မလေးတွေက ငယ်ငယ်ကတည်းက ဆေးသောက်ရတယ်။ အဲ့ဆေးက သူတို့ရဲ့ ခန္ဓာကိုယ်ကို အသားဖြူပြီး ချောမွေ့ရုံတင်မကဘူး။ သူမတို့ရဲ့ ခန္ဓာကိုယ်ရနံ့ကိုလည်း မွှေးစေတယ်။ အဲဒါက အဲ့ကကောင်မလေးတွေ ဖောက်သည်အများကြီးရဖို့ဖြစ်တယ်။ ဒါပေမဲ့ အဲ့ဆေးမှာလည်း မျိုးပွားမှုကို ထိခိုက်စေနိုင်တဲ့ ဘေးထွက်ဆိုးကျိုးရှိတယ်။”
ဟုန်ရင်း အိမ်တော်ကို စစချင်းဝင်လာတုန်းက သူမက ကျန်းချွမ်ရဲ့ သဘောကျမှုကိုပဲ ခံချင်ခဲ့တယ်။ ပြောရရင် သူမက အောင်မြင်ခဲ့ပေမဲ့ သူမ အိမ်တော်မှာ ကြာကြာနေလေလေ သူမ ကလေးလိုချင်စိတ် ပိုပြင်းပြလေလေပဲ။ ယောက်ျားတွေရဲ့ သဘောကျမှုက မကြာမြင့်ပေမဲ့ တကယ်လို့ ကလေးတစ်ယောက်၊ သားတစ်ယောက်သာရှိရင် သူမရဲ့ အဆင့်အတန်းက ခနတွင်းချင်း မြင့်တက်သွားမှာဖြစ်တယ်။ ရှယန်က ရှအိမ်တော် နောက်ခံရှိလို့ ရှယန်ကို ဆန့်ကျင်ဖို့ သူမ မကြိုးစားခဲ့ပေမဲ့ ကျန်းချွမ်က သူမနဲ့ ရှယန်ကို ညီတူညီမျှ သတ်မှတ်ရင် သူမ ကျေနပ်ဦးမှာဖြစ်တယ်။
ကျန်းချွမ်က သူမခြံထဲမှာ လာပြီးအနားယူတိုင်း ရှယန်က လီမော့မော့ကို ကိုယ်ဝန်ဖျက်ချတဲ့ ဆေးထည့်ထားတဲ့ စွပ်ပြုတ်လာတိုက်ခိုင်းပြီးတော့ သူမ အဲဒါကို ကုန်အောင်သောက်တာကို ထိုင်ကြည့်ခိုင်းတယ်။ ပြီးတော့ လီမော့မော့ ထွက်သွားတိုင်း သူမက သူမကိုယ်သူမ အန်အောင် လုပ်ပြီးတော့ စွပ်ပြုတ်တွေ အကုန်အန်အောင် အတင်းလုပ်ခဲ့တယ်။ ဒါတောင်မှ သူမက သမားတော်ကို သူမငယ်ငယ်က ဆောင်ကြာမြိုင်မှာ သောက်ခဲ့ရတဲ့ ဆေးအကြောင်းကို တိတ်တဆိတ် မေးကြည့်တဲ့အချိန်မှာ သမားတော်က သူမကိုယ်ဝန်ရနိုင်တဲ့ အခွင့်အရေးက အရမ်းနည်းတယ်လို့ ပြောခဲ့တယ်။
သူမရဲ့ ကလေးမရနိုင်တာက သူမရင်ထဲမှာ ဆူးအဖြစ်ဖြစ်ပေါ်နေတယ်။ အဲ့အချိန်မှာ ရှယန်က အခု ကိုယ်ဝန်ရှိနေပြီဖြစ်တယ်။ သူမရှေ့က သူမ အပင်ပန်းခံလုပ်ခဲ့ရတဲ့ အရာတွေက အရင်ကအတိုင်း ပြန်ဖြစ်တော့မှာလား။ သူမက အဲ့လို မဖြစ်စေချင်ဘူး။
ဒါပေမဲ့ သူမ လာလုပ်နိုင်မှာလဲ။ သူမက ကိုယ်ဝန်မရနိုင်ဘူးတဲ့။
ကျန်းယွမ်က အေးအေးဆေးဆေး လက်ဖက်ရည်တစ်ဂွတ် သောက်လိုက်ပြီးတော့ သူမကို ဂရုမစိုက်သလို မေးလိုက်တယ်။
“ဘာလို့ ကိုယ်လုပ်တော်က ကိုယ်ဝန် မရနိုင်ရမှာလဲ။ ကမ္ဘာပေါ်မှာ ကိုယ်ဝန်မရနိုင်တဲ့ မိန်းမ မရှိဘူး။”
ဟုန်ရင်း ကြက်သေသေသွားတယ်။ သူမက ကျန်းယွမ်ကို မော့ကြည့်လိုက်တယ်။
“အကြီးဆုံးသခင်မလေး ဒါဘာကို ဆိုလိုတာပါလဲ။”
ကျန်းယွမ်က သူမကို သနားတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။
“ဘာကိုဆိုလိုရမှာလဲ ငါးယောက်မြောက်ကိုယ်လုပ်တော်။ ယွမ်နိုင်က ရှင့်ကို စာနာပါတယ်။ ဒါပေမဲ့ အိမ်တော်ထဲမှာ လုံလုံခြုံခြုံနေဖို့ ရှင် ကလေးအရင် ရအောင် လုပ်မှဖြစ်မယ်။ နားလည်လား။ တကယ်လို့ ရှင် ကလေးလိုချင်ရင်။ ရှင် ကလေး ရလိမ့်မယ်။”
ဟုန်ရင်းက ကျန်းယွမ် စကားတွေရဲ့ အဓိပ္ပာယ်တွေကို ဖြည်းဖြည်းချင်း တွေးတောနေတယ်။ သူမက အရမ်း အံ့အားသင့်သွားပြီးတော့ ဒီကောင်မလေးအကြောင်း အကုန်မသိသလို ကြည့်လိုက်တယ်။
“အကြီးဆုံးသခင်မလေး….”
ကျန်းယွမ်က သူမကို ခပ်ယဲ့ယဲ့ ပြုံးပြလိုက်တယ်။
“အဲဒါက ငါးယောက်မြောက်ကိုယ်လုပ်တော်ရဲ့ ဘဝပဲ။ ယွမ်နိုင်က ဝင်ရောက်စွပ်ဖက်ခွင့် မရှိပါဘူး။”
ဟုန်ရင်းရဲ့ ရင်ထဲမှာ ဗြောင်းဆန်နေတယ်။ ကျန်းယွမ်ရဲ့ သိမ်မွေ့တဲ့ စကားတွေက မမျှော်လင့်စွာနဲ့ ဖြေရှင်းချက်တစ်ခုကို ဖော်ပြခဲ့တယ်။ အပင်တစ်ပင်က ပန်းကို တခြားပင်ကို ကိုင်းကူးရမယ်လို့ ဆိုလိုတာပဲ။
တကယ်လို့ ဒီကိစ္စက အောင်မြင်ရင် သူမက အိမ်တော်မှာ ရာထူးမြင့်သွားမှာဖြစ်တယ်။ အဲ့လိုဆိုပေမဲ့ အဲဒါက အရမ်းစွန့်စားလွန်းရာကျပြီးတော့ တကယ်လို့ သိသွားခံရရင်လည်း ကလန်ရဲ့ ရာထူးဆက်ခံသူကို သတ်တာက ကြီးမားတဲ့ပြစ်မှုဖြစ်ပြီးတော့ သူမက သေတဲ့အထိ တရစပ် ရိုက်နှက်ခံရမှာဖြစ်တယ်။ သူမက ကျန်းယွမ် ဒီအကြံပြုချက်ကို တည်ငြိမ်တဲ့ အပြုအမူနဲ့ ပြောလိုက်တော့ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားတယ်။ အိမ်တော်ရဲ့ သမီးတစ်ယောက်အနေနဲ့ ဘယ်လိုလုပ်ပြီးတော့ ကျန်းယွမ်က တခြားသူတွေရဲ့ သွေးကို အသုံးပြုပြီးတော့ ကျန်းအိမ်တော်ရဲ့ ဆက်ခံသူအခြေအနေကို ရအောင် လုပ်နိုင်တာလဲ။
သူမ သူမကိုယ်သူမ ကျန်းမိသားစုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်ဖူးရဲ့လား။
ဟုန်ရင်းက ဂနာမငြိမ်ဖြစ်ပြီးတော့ ခဏလောက် ဘာကိုမှ မတွေးနိုင်ဖြစ်သွားတယ်။ ကျန်းယွမ်ရဲ့ စကားတွေက ကြောက်စရာကောင်းပေမဲ့ သူမအတွက်တော့ ထူးခြားတဲ့မက်လုံးဖြစ်တယ်။ ဒါပေမဲ့ သူမက ဆုံးဖြတ်ချက် မချနိုင်ခဲ့ဘဲ အမြန်ပြန်ပြောလိုက်တယ်။
“အကြီးဆုံးသခင်မလေးရဲ့စကားတွေ၊ ဒီကိုယ်လုပ်တော်…. ဒီကိုယ်လုပ်တော် နားထောင်ခဲ့ပါတယ်။ ကျွန်မလုပ်စရာ ကိစ္စလေးတချို့ ရှိတာမှတ်မိသွားလို့ သခင်မလေးကို ထပ်ပြီး မနှောက်ယှက်တော့ပါဘူး။”
ကျန်းယွမ်ကလည်း သူမကို နေဖို့ မပြောဘူး။ သူမက အပြုံးလေးနဲ့ ပြောလိုက်တယ်။
“ငါးယောက်မြောက်ကိုယ်လုပ်တော် ကျေးဇူးပြုပြီး ထပ်စဉ်းစားကြည့်ပါဦး။ မလောပါနဲ့…. ပြီးတော့ အမေ မတော်တဆ ဖြစ်တာကို ကြုံရတဲ့အထိလည်း မစောင့်ပါနဲ့။”
ဟုန်ရင်းက ဒါကိုကြားတော့ သူမ ထပ်ပြီး ရင်တုန်သွားပြီးတော့ သူမဆက်ပြီးတော့ မနေတော့ဘူး။ သူမက သူမရဲ့ အစေခံနဲ့ အမြန်ပြန်သွားတော့တယ်။
လန်ချောင်က သူမ အလန့်တကြားနဲ့ ပြန်သွားတာကို မြင်တော့ တံခါးဖွင့်ပြီးတော့ အထဲကို ဝင်လာတယ်။
“ဘာလို့ငါးယောက်မြောက်ကိုယ်လုပ်တော်က အရမ်းကြောက်နေရတာလဲ။”
ပိုင်ကျီက တိတ်ဆိတ်စွာနဲ့ ရပ်နေတယ်။ လန်ချောင်က နှာခေါင်းကို ပွတ်လိုက်ပြီးတော့
“သူမက သခင်မလေးရဲ့ ဆွဲဆောင်မှု ခြိမ်းခြောက်တာ ခံလိုက်ရတာပဲနေမယ်။”
ကျန်းယွမ် ခပ်ယဲ့ယဲ့ ပြုံးလိုက်တယ်။ လုကျူးကလည်း တံခါး ဖွင့်ပြီးဝင်လာတယ်။ သူမရဲ့ မျက်နှာပေါ်မှာ စိတ်လှုပ်ရှားမှုရော ကြောက်ရွံ့မှုရော ပါနေတယ်။ သူမက လှည့်ပြီးတော့ တံခါးကို တင်းကျပ်စွာ ပိတ်လိုက်တယ်။ ပြီးတော့ သူမက ပြတင်းပေါက်တွေကို ပိတ်ပြီး လိုက်ကာတွေကို ဆွဲချလိုက်ပြီးတော့ ကျန်းယွမ်ဆီကို သွားလိုက်တယ်။
လုကျူးက ဘေးမှာ ထိုင်လိုက်ပြီးတော့ တိုးတိုးလေးပြောလိုက်တယ်။
“သခင်မလေး သခင်မလေးက ဒီအစေခံကို စုရှင်းယွမ်ကို စုံစမ်းခိုင်းလို့ ကျွန်မ တစ်ခုခုကို ရှာတွေ့ခဲ့တယ်။”
ကျန်းယွမ်က သူမကို ကြည့်လိုက်တယ်။
“တစ်ခုခုမှားနေတာ ရှိလိမ့်မယ်။ နင် ဘာရှာတွေ့ခဲ့လဲ။”
“ဘာမှ မမှားပါဘူး။”
လုကျူးက ထူးဆန်းစွာ ပြုံးလိုက်တယ်။
“ဒီအစေခံက မီးဖိုချောင်မှာပြောတာကိုပဲ နားထောင်ခဲ့တာပါ။ ဒုတိယသခင်မလေးက ဘိုးဘေးဘုရားကျောင်းမှာ ခြိုးခြံတဲ့ဘဝကို နေခဲ့ရလို့ သူမရဲ့ ခန္ဓာကိုယ်က အားနည်းနေတယ်။ ဒါပေမဲ့ သူမပြန်လာကတည်းက သူမရဲ့ အစေခံတွေ၊ ဟူတျဲနဲ့ ကျင်းထန်တို့က နေ့တိုင်း ဒုတိယသခင်မလေးရဲ့ ကျန်းမာရေးအတွက် ဆိုပြီးတော့ မီးဖိုချောင်ကို ကြက်တွေ ပြင်ပြီးတော့ သူတို့ကိုယ်တိုင် ကြက်သားစွပ်ပြုတ် ပြုတ်တိုက်ကြတယ်။
“အဲဒါက ဘာထူးဆန်းလို့လဲ။”
လန်ချောင်က မေးလိုက်တယ်။
လုကျူးက ခေါင်းခါလိုက်တယ်။
“ကျွန်မ မှတ်မိတာက ဒုတိယသခင်မလေးက ကြက်သားစွပ်ပြုတ်ကို အမုန်းဆုံးပဲတဲ့။ ဒါ့အပြင် ဒုတိယသခင်မလေးက ဘိုးဘေးခန်းမမှာ ဗုဒ္ဓဘာသာကို ကျင့်ကြံခဲ့တယ်။ တကယ်လို့ သူမက သူတို့ပြောသလို ဒီလိုခြိုးခြံတဲ့ ဘဝမှာ နေခဲ့ရင် သူမက အရမ်းဘာသာတရား အရမ်းကိုင်းရှိုင်းမှာဖြစ်တယ်။ ဒါပေမဲ့ သူမက ဘာသာတရားကိုင်းရှိုင်းရင် ဘယ်လိုလုပ်ပြီးတော့ သူမက အိမ်တော်ကို ပြန်ရောက်ပြီး မကြာခင်မှာပဲ တိရိစ္ဆာန်တွေရဲ့ အသက်တွေကို သတ်ပြီးတော့ သူတို့ရဲ့ အသားကို စားနေမှာလဲ။ အဲဒါက ဗုဒ္ဓဘာသာရဲ့ ကျင့်ဝတ်သီလကို ချိုးဖောက်တာ မဟုတ်ဘူးလား။”
ကျန်းယွမ်က လုကျူးကို လေးစားတဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီး မရယ်လဲ မနေနိုင်ခဲ့ဘူး။ လုကျူးရဲ့ အကဲခတ်စွမ်းရည်က အခု ပိုပြီး ထက်သန်လာပြီဖြစ်တယ်။ သူမက ဒါတွေ အားလုံးကို တွေးနိုင်တာကိုက တကယ်ကို အံ့ဩလောက်တယ်။
လုကျူးက ကျန်းယွမ်ရဲ့ အမူအရာကို တွေ့တော့ သူမက အရမ်း ဂုဏ်ယူသွားတယ်။ သူမက ပြောလိုက်တယ်။
“ဒီအစေခံက အဲဒါထူးဆန်းတယ်လို့ တွေးမိတော့ ဒီအချက်ကို ပိုပြီးတော့ အာရုံစိုက်လိုက်တာ။ ဒီထက်ပိုတယ်ဆိုတာ သေချာတယ်။ နင်တို့ရော တွေးမိတာရှိလား။”
လုကျူးက တကယ်ပဲ ဒီနေရာကိုပုံပြင်ပြောတဲ့ လက်ဖက်ရည်ဆိုင်လို ဆက်ဆံနေတာဖြစ်တယ်။ လန်ချောင်က မစောင့်နိုင်တော့ဘဲ အမြန်မေးလိုက်တယ်။
“ဘာဖြစ်နေတာလဲ။”
“ဟူတျဲနဲ့ ကျင်းထန်တို့က သူတို့က ကြက်သားစွပ်ပြုတ်လုပ်တယ်လို့ ပြောပေမဲ့ ကြက်သားကလွဲပြီး ဘာမှ ပြင်ထားတာ မရှိဘူး။ ကျန်းမာရေးကို အထောက်အပံ့ဖြစ်ဖို့ စွပ်ပြုတ်ပြုတ်တဲ့အချိန်မှာ ဂျင်ဆင်း၊ အနီရောင်စွန်ပလွံသီးတွေ ထည့်သင့်တယ်။ အဲဒါ ကြက်တစ်ကောင်လုံးသုံးဖို့ရော လိုလို့လား။”
လုကျူးက ရှင်းပြတယ်။
“ကျွန်မ စုရှင်းယွမ်ကို ဝင်ရှာလို့ရအောင် တံမြက်စည်းလှည်းတဲ့ အစေခံကို ငွေပြားနှစ်ပြားပေးခဲ့တယ်။ ကျွန်မကို တံခါးစောင့်ရှောင်ဟုန်က အတူလိုက်ခဲ့ပေးပြီးတော့ သူက အနံ့ခံကောင်းတယ်။ မမျှော်လင့်စွာနဲ့ စုရှင်းယွမ်ထဲက နှင်းဆီပင်တွေအောက်မှာ ကြက်အသေကောင်တစ်ကောင်ကို တွေ့ခဲ့တယ်။ အဲ့ကြက်အသေကောင်ရဲ့ သွေးတွေ အကုန်လုံးက အစုပ်ခံထားရပြီးတော့ အတောင်တွေကိုလည်း နှုတ်ထားတယ်။”
လုကျူးက စွဲကျန်နေတဲ့ ကြောက်ရွံမှုကို ခံစားနေရတုန်းပဲ။
“ဒဏ်ရာက ဆိုးဆိုးရွားရွားမို့လို့ ကျွန်မ အဲဒါကို ကြည့်ရင်းနဲ့ အရမ်းကြောက်သွားတာပဲ။ ကြက်အသေကောင်ကို ပြန်မြှုပ်ခဲ့ပြီးတော့ ကျွန်မ အမြန်ပြန်ပြေးလာခဲ့တာပဲ။”
လန်ချောင်နဲ့ ပိုင်ကျီတို့က တိတ်ဆိတ်သွားတယ်။ သူတို့နှစ်ယောက်လုံးကို ကြည့်ရတာ တည်ကြည်နေကြတယ်။ ခဏကြာတော့ လန်ချောင်က မေးလိုက်တယ်။
“သခင်မလေး ဒုတိယသခင်မလေးက မကောင်းဆိုးဝါး ဝင်ပူးတာ ခံနေရတာလားဟင်။ မဟုတ်ရင် သူမက ဘာလို့ ဒီလို စုန်းအတတ်ကို ပြုလုပ်မှာလဲ။”
“သခင်မလေး ဒုတိယသခင်မလေးက အခု အရမ်းကြောက်ဖို့ ကောင်းနေပြီ။ နန်းတွင်းမှာ ခဏလောက် နေကြရင်ရော။ ဘာပဲဖြစ်ဖြစ် ဒုတိယသခင်မလေးက မယ်တော်ယိတျယ်ရဲ့ ရှေ့မှာ လျှောက်ရဲတာမဟုတ်ဘူး။”
ပိုင်ကျီကလည်း သူမကို သတိပေးလိုက်တယ်။
ကျန်းယွမ်က လုကျူးကို ကြည့်လိုက်တယ်။
“နင် အဲ့ကြက်အသေကောင်ကို ကြည့်လိုက်တော့ အဲ့သွေးပေနေတဲ့ နေရာနားမှာ ဓားဖြတ်ရာရှိလား။”
“မရှိဘူး။”
လုကျူးက မျက်မှောင်ကြုတ်လိုက်တယ်။
“ဒီအစေခံက သူမ ငယ်ငယ်တုန်းက အရမ်းဆော့တာ။ တစ်ခါတုန်းက ဘေးအိမ်က အန်တီရဲ့ ရစ်ကြက်က ကျွန်မကို ဆိတ်လို့ ကျွန်မက ပြန်လိုက်ပြီး ကိုက်ခဲ့တယ်။ အဲဒါက ဓားရာမဟုတ်သလို တိရိစ္ဆာန်ကိုက်ရာလည်း မဟုတ်ဘူး။ အဲဒါက လူကိုက်ထားတဲ့ အရာနဲ့ ပိုတူတယ်။”
ပိုင်ကျီနဲ့ လန်ချောင်တို့ ပင့်သက်ရှိုက်လိုက်ကြတယ်။
ကျန်းယွမ်က ခေါင်းငုံ့လိုကပ်ပြီး အတွေးထဲမှာ နစ်မျောနေတယ်။
သူမ လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျန်းအိမ်တော်ရဲ့ တံခါးမှာ ကျန်းစုစုကို တွေ့ကတည်းက ကျန်းစုစုနဲ့ ပတ်သက်ပြီး တစ်ခုခုမူမမှန်တာကို သူမ ခံစားမိခဲ့တယ်။ သူမက အဲဒါကို သေသေချာချာ မပြောနိုင်ပေမဲ့ ကျန်းစုစုက တခြားသူတစ်ယောက်လိုတင်မကဘဲ ကျန်းစုစုရဲ့ ခန္ဓာကိုယ်အကြောင်းနဲ့ ပတ်သက်ပြီး တစ်ခုခု ထူးခြားနေတာကိုလည်း သူမ သတိမူမိခဲ့တယ်။ လွန်ခဲ့တဲ့ရက်တွေမှာလည်း ကျန်းစုစုက စုရှင်းယွမ်ကနေ ထွက်မလာခဲ့ဘဲ ရှယန်ကို သွားတွေ့တာ ရှားတယ်။ သူမ ခြံထဲမှာ တစ်နေကုန်နေတာ ပုံမှန်မဟုတ်ဘူး။ ပြီးတော့ သူမ အဲ့မှာ ဘာလုပ်နေလဲ ဆိုတာလဲ မတွေ့ရဘူး။ ဒါ့ကြောင့် ကျန်းယွမ်က လုကျူးကို စုံစမ်းခိုင်းထားပေမဲ့ သူမက ဒီလိုရလာဒ်မျိုး ထွက်လာလိမ့်မယ်လို့ ထင်မထားဘူး။ အဲဒါ အရမ်းထူးဆန်းတာပဲ။
“ဒီအစေခံကလည်း ဒုတိယသခင်မလေးက အရမ်းထူးဆန်းနေတယ်လို့ ထင်မိတယ်။”
လုကျူးက ပြောတယ်။
“အဲ့နေ့က ဒုတိယသခင်မလေးရဲ့ မျက်နှာပေါ်မှာ ဘာအမာရွတ်မှ မရှိတော့တာကို ကျွန်မ သေချာတွေ့လိုက်တယ်။ သူမရဲ့ အရင်က အနာတွေက အရမ်းဆိုးရွားပေမဲ့ အခု အမာရွတ်တောင် မကျန်ခဲ့ဘူး။ သူမက မကောင်းဆိုးဝါး မဟုတ်ရင် အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။”
“ဒီကမ္ဘာပေါ်မှာ ဘာမကောင်းဆိုးဝါးမှ မရှိပါဘူး။”
ကျန်းယွမ်က တိုးတိုးပြောလိုက်တယ်။ ပြီးတော့ တကယ်လို့ ရှိရင်တောင် သူမက ကြောက်မှာ မဟုတ်ဘူး။ သူမက တစ်ခါသေပြီးပြီ။ တကယ်လို့ ဒီကိစ္စကို သူများတွေ သိရင် သူတို့ကလည်း သူမကို ဒီလိုမြင်ကြမှာဖြစ်တယ်။ ကျန်းစုစုက အရမ်းထူးဆန်းနေလို့ သူမက နေမထိထိုင်မထိ ဖြစ်နေတာဖြစ်တယ်။ ဒါက သူမကို သတိရှိစေခဲ့တယ်။
အခုအချိန်မှာ သူမက အဲ့အတွက်ကို ဘာမှမလုပ်နိုင်သေးဘူး။ ဒီတော့ သူမက ခဏလောက်စဉ်းစားပြီးတော့ ရုတ်တရက် ပြောလိုက်တယ်။
“လုကျူး ငါ့အတွက် ရထားလုံးပြင်ပေးဦး။ ငါ အခုပဲ သွားစရာ ရှိလာလို့။”
“သခင်မလေး ဘယ်လိုသွားမလို့လဲ။”
ပိုင်ကျီက စူးစမ်းစွာနဲ့ မေးလိုက်တယ်။
“တုန်ဖန်းလိုကို”
* * *
တော်ဝင်စာကြည့်ခန်းထဲမှာ
သူ့ရှေ့က စာအုပ်ကို သူ ငေးကြည့်နေရင်း ဧကရာဇ်က မျက်မှောင်ကြုတ်လိုက်တယ်။ သူက ကျပ်တည်းတဲ့ အခက်အခဲကို ကြုံတွေ့နေရတယ်ဆိုတာကို ပြသတယ်။ ခဏကြာတော့ သူက မေးလိုက်တယ်။
“မင်းပြောတဲ့အတိုင်းဆိုရင် တောင်ပိုင်းရှင်းကျန်းက လူတွေက နန်းတွင်းထဲမှာ သူတို့ရဲ့ သူလျှိုထည့်ထားပြီးပြီပေါ့။”
သူ့ရှေ့မှာ ရပ်နေတဲ့ ဝတ်ရုံနက်နဲ့ လူငယ်က ဖြေလိုက်တယ်။
“ဟုတ်ပါတယ်။”
“ငါကိုယ်တော် ဒီနှစ်တွေအတွင်းမှာ ပေါ့ဆမိတာပဲ။”
ဧကရာဇ်က သူရဲ့ ဒေါသတွေကို ချုပ်တည်းလိုက်တယ်။
“ငါကိုယ်တော် သူတို့နဲ့ တန်းတူ မယှဉ်နိုင်ခင်မှာပဲ သူတို့က ငါကိုယ်တော်ကို အရင်ဆုံး ပစ်မှတ်ထားပြီး နေကြပြီပဲ။ အဲဒါ အရမ်း မဆင်မခြင် ပြုတာပဲ။”
“အဲဒါတင် မကသေးပါဘူး။”
ရှောင်ရှို့ကပြောလိုက်တယ်။
“ထျန်ကျင်းနိုင်ငံက ရုတ်တရက် တပ်တွေ ဆုတ်သွားတာကလည်း သူတို့နဲ့ အများကြီးဆိုင်ပါတယ်။”
“တောင်ပိုင်းရှင်းကျန်းက လူတွေက အရမ်း ရက်စက်ပြီး ကောက်ကျစ်တယ်။ သူတို့ရဲ့ နည်းလမ်းတွေက ရက်စက်တယ်။ ကျွန်တော် သူတို့ ဒီလိုအကြံအစည်ရှိမယ်လို့ မမှန်းထားခဲ့ဘူး။ တကယ်လို့ ထျန်ကျင်းနိုင်ငံက အနှောက်အယှက်ပေးရင် သူတို့ကလည်း အဲ့ကနေ အကျိုးအမြတ်ရလိမ့်မယ်။ အားရှောင် မြို့တော်ထဲမှာ နေပြီးတော့ ဒီသူလျှိုအကြောင်းကို စုံစမ်းလိုက်။ တကယ်လို့ တစ်မြို့လုံးကို မြေလှန်ရမယ်ဆိုရင်တောင် ငါကိုယ်တော် အဲ့ကောင်ကို ရှာမယ်။”
ရှောင်ရှို့က ခေါင်းညိတ်လိုက်တယ်။
ဧကရာဇ်က သူ့ကို ကြည့်လိုက်ပြီးတော့ ရုတ်တရက် သက်ပြင်းချလိုက်တယ်။
“မင်း မောင်ကျန်းမှာ သုံးနှစ်လောက် သေဘေးကနေ ကပ်ပြီး လွတ်ခဲ့တာ။ ငါ မင်းအကြံတွေကို သိပါတယ်။ ဒါပေမဲ့ မင်းတွေ့တဲ့အတိုင်းပဲ…..”
ဧကရာဇ်ရဲ့ မျက်ဝန်းတွေထဲမှာ ဝမ်းနည်းမှုကို တွေ့နိုင်တယ်။
“နန်းတွင်းထဲက လူတွေအကုန်လုံးက ငါကိုယ်တော့်ကို မြန်မြန်သေဖို့ ဆုတောင်းနေကြတာ။ ရှစ်ယောက်မြောက်နဲ့ ငါးယောက်မြောက် သားတွေရဲ့ အတွေးတွေကို သူတို့ထင်ထားတာထက် ငါကိုယ်တော် ပိုနားလည်တယ်။ အိမ်ရှေ့စံကလည်း ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးထင်နေတယ်။ ငါကိုယ်တော်က သူ့အသက်ကို ခဏလောက် ကာကွယ်ပေးနိုင်ပေမဲ့ သူ့တစ်သက်စာတော့ မကာကွယ်ပေးနိုင်ဘူး။ ရုံးတော်ထဲက လူထုနဲ့ စစ်တပ်အရာရှိတွေ အတွက်ကတော့ သူတို့က ငါ့မျက်စိထဲမှာတော့ လူဆိုးတွေပဲ။ ငါကိုယ်တော်က သူတို့ရဲ့ အတွေးတွေကို မသိဘူးများ ထင်နေလား။ အားရှောင် မင်း…..”
“အရှင်မင်းကြီး”
ရှောင်ရှို့က ကြားဖြတ်ပြောလိုက်တယ်။
“တကယ်လို့ ဘာမှပြောစရာ မရှိရင် ကျွန်တော် အရင်သွားလိုက်ပါဦးမယ်။”
တကယ်လို့ တစ်ယောက်ယောက်က ဒါကိုတွေ့ရင် သူတို့က ဧကရာဇ်နဲ့ ကျင်းရင်းဝမ်တို့ကြားက ဆက်ဆံရေးကို အံ့အားသင့်သွားကြမှာဖြစ်တယ်။ ခဏနားပြီးတော့ ဧကရာဇ်က သူ့လက်ကို ခါပြလိုက်တယ်။
“ဒါပဲ မင်းသွားလို့ရပြီ။”
ရှောင်ရှို့က တံခါးဆီကို သွားနေတုန်း အနောက်ကနေ ဧကရာဇ် အသံကို ကြားလိုက်ရတယ်။
“မင်း အခု လက်ထပ်နိုင်တဲ့ အရွယ်ကို ရောက်နေပြီ။ တကယ်လို့ မင်း ဘယ်မိသားစုက သမီးကိုဖြစ်ဖြစ် စိတ်ဝင်စားရင် ငါ့ကို ပြော။ ငါမင်းကို လက်ထပ်ပွဲ စီစဉ်ပေးမယ်။”
ဝတ်ရုံနက်နဲ့ လူငယ်က မရပ်ခဲ့ဘူး။ သူက တော်ဝင်စာကြည့်ခန်းထဲကနေ တုံ့ဆိုင်းမှုမရှိ ထွက်သွားတယ်။ ဧကရာဇ်ရဲ့ သက်ပြင်းချသံကပဲ ကျန်ခဲ့တယ်။
* * *
တုန်ဖန်းလိုက မြို့တော်ထဲမှာ အကြီးဆုံး လက်ဝတ်ရတနာ ဆိုင်ဆိုပေမဲ့ အဲ့ကို လူအများကြီး မသွားကြဘူး။ အဲဒါဘာလို့လဲဆိုတော့ အထဲက မူးဝေနိုင်လောက်အောင် စီစဉ်ခင်းကျင်းထားတဲ့ လက်ဝတ်ရတနာတွေရဲ့ ဈေးတွေက အရမ်းကြီးပြီးတော့ သူတို့ တစ်ခုချင်းစီက ရှားပါးတဲ့ ရတနာတွေဖြစ်တယ်။ တကယ်လို့ ချမ်းသာတဲ့ ရာထူးကြီး အရာရှိတွေနဲ့ မြင့်မြတ်တဲ့သူတွေ မဟုတ်ရင် ဘယ်သူကမှ အဲ့မှာ လက်ဝတ်ရတနာ မဝယ်နိုင်ကြဘူး။
ဒါပေမဲ့ ဒီနေ့မှာတော့ ရထားလုံးတစ်လုံးက တုန်ဖန်းလိုရဲ့ တံခါးဝမှာ လာရပ်တယ်။
ဖြတ်သွားတဲ့လူတွေက စိတ်ဝင်တစားကြည့်လိုက်ကြတယ်။ ဘယ်မိသားစုရဲ့ သခင်လေး ဒါမှမဟုတ် သခင်မလေးလဲဆိုတာ သူတို့ သိချင်ကြတယ်။ ဒါပေမဲ့ သူတို့က အရမ်းလှပတဲ့ ဝတ်ရုံနီနဲ့ ကောင်မလေး ရထားလုံးထဲကနေ ထွက်လာတာတွေ့တော့ အကုန်လုံးက ချက်ချင်းသိလိုက်ကြတယ်။ ဒါက မြို့တော်ရဲ့ လက်ရှိ ကြီးမြတ်တဲ့ ဘယ်သူမှ မချဉ်းကပ်ရဲတဲ့ ဟောင်အန်းကျွမ်းကျူ့ပဲ။ သူမရဲ့ အလှကိုတော့ ပြောစရာ မလိုဘူး။ ဟောင်အန်းကျွမ်းကျူ့က မယ်တော်ယိတျယ်ရဲ့ ချစ်ခြင်းကိုလည်း ခံထားရတာဖြစ်တယ်။ သူမရဲ့ ဆုလာဒ်တွေက မရေမတွက်နိုင်လောက်အောင်ပဲ။ ဒါပေါ့ သူက တုန်ဖန်းလိုကို လာလည်နိုင်တယ်။
သူမကို ခဏလောက် လေးစားသွားကြပြီး သူတို့က ဝတ်ရုံနီနဲ့ ကောင်မလေး အစေခံနှစ်ယောက်နဲ့ အထဲကို ဝင်သွားတာကို တွေ့လိုက်တယ်။
ကျန်းယွမ် အထဲကို ဝင်သွားတော့ လှပတဲ့ ဝန်ထမ်းက ရောက်လာတာကို တွေ့လိုက်တယ်။
“သခင်မလေး လက်ဝတ်ရတနာ ကြည့်ချင်ပါသလား။”
ကျန်းယွမ်က သူမကို ကြည့်လိုက်တယ်။
“ကျွန်မ ရဲ့ဖန်းကို တွေ့ချင်လို့ပါ။”
ဝန်ထမ်းက ကြောင်သွားပြီး ခေါင်းခါလိုက်တယ်။
“သခင်မလေး နေရာမှားလာပြီထင်တယ်။”
ကျန်းယွမ်က ပြုံးပြီး သူမလက်ကို ဆန့်ထုတ်လိုက်ပြီး သူမရဲ့ အင်္ကျီလက်ထဲက တစ်ခုခုကို ထုတ်လိုက်ပြီး ဝန်ထမ်းရှေ့မှာ ပြလိုက်တယ်။
“အခု တွေ့လို့ရပြီလား။”
ဝန်ထမ်းက ကျန်းယွမ်ရဲ့ လက်ထဲက အရာကို သေချာကြည့်ပြီးတော့ သူမရုတ်တရက် သူမရဲ့ အကြည့်ကို ပြောင်းလိုက်ပြီးတော့ ရိုသေစွာနဲ့ ပြောလိုက်တယ်။
“သခင်မလေး ကျေးဇူးပြုပြီး ဒီအစေခံနောက်ကို လိုက်ခဲ့ပါ။”
ကျန်းယွမ်က ရှောင်ရှို့ပေးထားတဲ့ ဓားမြှောင်ကို သူမ အင်္ကျီလက်ထဲ ပြန်ထည့်ထားလိုက်တယ်။ သူမစိတ်ထဲမှာ ဒါက တကယ်အသုံးဝင်တာပဲလို့ တွေးလိုက်တယ်။
သူတို့က ဒုတိယထပ်က လက်နက်ဆိုင်ကို သွားလိုက်တယ်။ ပြီးတော့ ဝန်ထမ်းက နံရံပေါ်က ကြွေခြင်္သေ့ခေါင်းကို နှိပ်လိုက်ပြီးတော့ အထဲကိုဝင်တဲ့ တံခါးလေးက ပေါ်လာတယ်။ ဝန်ထမ်းက အရိုအသေပေးလိုက်ပြီးတော့
“သခင်မလေး အထဲကို လာပါ။ သူဌေးရီက အထဲမှာပါ။”
ကျန်းယွမ်က ဘေးမှာ ထိုင်လိုက်တဲ့အချိန်မှာ သူက စိတ်မရှည်တဲ့ အသံနဲ့ ပြောတာကို ကြားလိုက်တယ်။
“တစ်နေကုန် ဘာဖြစ်နေကြတာလဲ။ သခင်က တကယ်ပဲ ငါ့ကို တစ်သက်လုံး ဒီထဲမှာပဲ ထားတော့မှာလား။ ကျွန်တော် အကြီးဆုံးကျန်းသခင်မလေးကိုပဲ တောင်းပန်လိုက်လို့ မရဘူးလား။”
ကျန်းယွမ်က ရပ်လိုက်ပြီးတော့ အပြုံးလေးနဲ့ မေးလိုက်တယ်။
“ဘာအတွက် တောင်းပန်မှာလဲ။”
ရဲ့ဖန်းက စိတ်မရှည်စွာနဲ့ အနောက်ကို လှည့်ကြည့်လိုက်တယ်။
“ရတနာအတွက်ပေါ့….”
ကျန်တဲ့ စကားက သူ့ပါးစပ်ထဲမှာ ကျန်ခဲ့တယ်။ သူက အံ့အားသင့်စွာနဲ့ ပါးစပ် အဟောင်းသား ဖြစ်သွားတယ်။
“ကျန်း.. ကျန်း… အကြီးဆုံးကျန်းသခင်မလေး။”
ကျန်းယွမ်က သူနဲ့ ဆန့်ကျင်ဘက်ထိုင်ခုံမှာ ထိုင်လိုက်တယ်။
“ငါ့မှာ အရေးကြီးတဲ့ ကိစ္စရှိတယ်။ ငါ နင့်ရဲ့ သခင်ကို တွေ့ချင်တယ်။”
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...