အပိုင်း(၁)

1.3K 37 1
                                    

"မြဧရာ"
          This story is just a fantasy.
We won't know when will this end.
But until one day......

!!!!(ဤဇာတ်လမ်းသည် Juno၏ကိုယ်ပိုင်စိတ်ကူးယဥ်
ဇာတ်လမ်းသက်သက်သာဖြစ်သည့်အတွက်မည်သည့်
နေရာဒေသသက်ရှိအရာဝတ္ထုကိုမှထိခိုက်စေလိုခြင်း
မရှိ။)!!!!

ဇူလိုင်လ ၈ရက်၊ညနေ၃:၀၀။
သို့
    မြဧရာ
           ဒီစာလေးကိုမြဧရာဖတ်နေမလားတော့မသိဘူး။မြဧရာနေလို့သာတယ်မလား။ရွှင်ရောရွှင်ရဲ့လား။
ဒီဘက်မှာတော့မိုးတွေအရမ်းရွာနေတာပဲ။မြဧရာတို့
ဘက်မှာကော?ဒီလိုချိန်မျိုးဆိုရင်လေ
မြဧရာကိုသတိရတယ်။မြစ်ကမ်းနံဘေးကသဲသောင်
ပြင်တွေကိုလည်းနေ့တိုင်းသွားကြည့်ဖြစ်တယ်။မြဧရာကမြစ်ကမ်းနံဘေးကသဲသောင်ပြင်မှာလမ်းလျှောက်ရတာ
အရမ်းသဘောကျခဲ့တယ်မလား။အဲ့သဲသောင်မှာမြဧရာရဲ့ခြေရာတွေကျန်လို့ကျန်ငြားပေါ့။

'မြဧရာ မြဧရာ'

အပြင်ဘက်ကမိုးစက်တွေကိုလှမ်းကြည့်ပြီး
စိတ်ထဲ၌မြဧရာဟူ၍အကြိမ်ကြိမ်တမိသည်။မြဧရာနဲ့
စတွေ့တဲ့နေ့ကဒီနေ့လိုပဲ။ဒီလိုရက်ဒီလိုချိန်မျိုးမှာပဲ
မိုးစက်တင်တွေကမြဧရာသူ့ရှေ့မှောက်ခေါ်လာခဲ့တာ။
မငြင်းဆန်နိုင်တဲ့ထိတွေ့မှုတွေနဲ့တောင့်တမှုတွေကြောင့်
မြဧရာကိုမှအရူးအမူးဖြစ်ခဲ့ဖူးသည်။အခုရော?အခုတော့နေသားကျနေပါပြီလေ။သိချင်လိုစိတ်တစ်ခုသာကျန်ခဲ့
သည်။ထိုအရာကမြဧရာစိတ်ထဲမှာသူရှိနေသေးသလားဆိုတာပါပဲ။
/////
ဇွန်လ ၁၃ရက်၊ညနေ :၀၀။
"ယနေ့ မိုးလေဝသသတင်းထုတ်ပြန်ချက်အရ မကြာမှီကျရောက်လာမည့်မိုးသက်လေပြင်းကြောင့် ပြည်သူအများအပြင်သို့မထွက်ကြပါရန်။"

       ဆိုင်တံခါးကိုနောက်ဆုံးအကြိမ်သော့ခတ်ထားမထားသေချာစစ်ဆေးပြီးဆိုင်အမိုးအောက်မှာခနရပ်ကာကောင်းကင်ကိုတစ်ချက်ကြည့်ပြီးသက်ပြင်းချလိုက်သည်။
'တော်သေးတာပေါ့ ထီးယူလာပေလို့။'
ခြင်းတောင်းကိုဆွဲပြီးလမ်းမထက်သို့ခြေချကာအိမ်ပြန်ခရီးကိုစတင်သည်။ခြင်းတောင်းထဲမှဆိုင်ကယူလာသော
ဂန္ဓမာပန်းလေးကိုတစ်ချက်ကြည့်ပြီးပြုံးကာတံတား
ဘက်သို့လျှောက်လာသည်။မြို့လေးထဲမှနေရာတွေထဲမှာဤတံတားလေးကိုအရမ်းသဘောကျရသည်။တံတားဆိုသော်လည်းမြစ်ပေါ်မှာဖြတ်ပြီးဆောက်ထားသည်လည်းမဟုတ်။မြစ်ဘေးတွင်ဆောက်ထားပြီးယခုလိုအိမ်ပြန်
ချိန်တွေဆိုဤတံတား၌ခနရပ်ကာနေဝင်ချိန်ကိုမြစ်၏အလှတရားနှင့်ရပ်ကြည့်နေတတ်မိသည်။ယခုတော့ရပ်ကြည့်ရင်တိမ်မည်းညိုနဲ့ဖုံးနေသောနေကိုသာ
မြင်ရမည်။
"ဟိတ် ကလေးတွေ ဆော့မနေနဲ့။အိမ်ကိုပြန်ကြတော့။မင်းတို့မိဘတွေစိတ်ပူနေမယ်။"
        မြစ်ထဲဆင်းပြီးဆော့ဖို့ပြင်နေတဲ့ကလေးတွေကို စက်လှေသမားဦးလေးကြီးကအော်ပြောလိုက်ခြင်းဖြစ်
သည်။ကလေးတွေကိုတစ်ချက်ကြည့်ပြီးပြုံးကာသူငယ်
စဥ်ကလည်းယခုကဲ့သို့အဆော့သန်ခဲ့သည်ကိုသတိရမိ
သည်။အဆော့သန်လွန်းလို့အမေကခနခနရိုက်တာကို
လည်းခံရသေးသည်ကိုလည်းသတိရမိသည်။
     တံတားကိုဖြတ်ဖို့ပြင်တော့ကားတစ်စီးကရပ်ထား
သည်ကိုတွေ့လိုက်ရသည်။အခုလိုမိုးသက်လေပြင်းကျလုဆဲဆဲမှာဘယ်ကကားကရပ်ထားတာပါလိမ့်။ကားနားကိုလျှောက်သွားတော့အထဲကိုတစ်ချက်လှမ်းကြည့်မိသည်။မောင်းသူမဲ့ကားကြောင့်ခေါင်းကိုကုတ်ကာဘေးဘီဝဲယာကြည့်ကြည့်တော့ဖြတ်သွားဖြတ်လာတောင်သိပ်မရှိတော့။ထိုစဥ်မြစ်ကမ်းဘက်ကိုအကြည့်ရောက်တော့မျက်လုံးများဝိုင်းစက်သွားရသည်။အမျိုးသမီးတစ်ဦးကကမ်း
စပ်နားတွင်ရပ်ကာမြစ်ဘက်မျက်နှာမူလျက်ရှိသည်။မြစ်ရေများမှာသူမ၏ခြေမျက်စိအစပ်နားကိုတိုးဝှေ့
လျက်ရှိနေသော်လည်းမလှုပ်မရှက်ဖြင့်။ကောင်းကင်ကတက်လာသောမိုးသားလိပ်ကြောင့်စုပ်တစ်ချက်သတ်ကာ
ညည်းတွားလိုက်သည်။
'အိမ်မြန်မြန်ပြန်မှပဲ'
လျစ်လျူရှုပြီးလှည့်ပြန်ချင်သော်ငြားမသိစိတ်ကတွန်းပို့မှုကြောင့်လမ်းလည်ခေါင်မှာရပ်ကာတွေဝေနေသည်။ဒီလိုမိုးသက်လေပြင်းကျချိန်ဆိုမြစ်ရေတက်လာပြီးကားလမ်းမတောင်ဖုံးလွှမ်းတဲ့အထိဖြစ်တတ်ဖူးသည်။သူတို့မြို့ကတံတားကတခြားတံတားတွေထက်မြစ်ရေလွတ်လောက်တဲ့အထိမြင့်မှမမြင့်ပဲကိုး။မျက်လုံးကိုစုံမှိတ်ပြီး
သက်ပြင်းကိုချကာနောက်ပြန်လှည့်လိုက်သည်။
'ဒီတိုင်းထားလိုက်ရင် နောက်နေ့ဒီတံတား သရဲခြောက်
လိမ့်မယ်။မဖြစ်ဘူး'
   တံတားပေါ်ကနေမြစ်ကမ်းစပ်သို့လှမ်းကြည့်ပြီးအော်ခေါ်လိုက်သည်။
"ဒီမှာ ဒီမှာ ရှင်အဲ့အတိုင်းရပ်နေရင် မကြာခင်မိုးတွေရွာလာလို့ဒီရေတက်လာရင်မျောပါသွားမှာနော်။ဒီမြစ်ကရေစီးတအားသန်တာရယ်။"
      သူအော်ပြောတာကိုကြားမည့်ပုံမပေါ်သဖြင့်
စိတ်သောကရောက်သွားရသည်။
'စိတ်ညစ်လိုက်တာနော်'
   ခြင်းတောင်းကိုဘေးချပြီးဖိနပ်ကိုချွတ်ကာမိန်းမပီသစွာတံတားကိုကျော်ခွပြီးမြစ်ကမ်းဘက်သို့ဆင်းသွားလိုက်
သည်။ထိုအမျိုးသမီးရှိရာဆီလျှောက်သွားပြီး
"ဒီမှာ ဒီမှာ"
      လှည့်ကြည့်လာသောမျက်ဝန်းတစ်စုံကတိမ်စိုင်ညိုတွေနဲ့အလားသဏ္ဌာန်ရှိလှသည်။မဟူရာဆံနွယ်ကိုဖြန့်ကျထားလျက်ရှိပြီးဆင်စွယ်ရောင်ပုခုံးပြေပြေလေးထက်၌ဝဲပျံလျက်ရှိသည်။ဖြောင့်စင်းသောနှာတံနှင့်ပြေပြစ်သောနဖူး၊မဟော်ဂနီရောင်စွန်းသောနှုတ်ခမ်းတို့နှင့်ညာမျက်ခုံးထောင့်ကမှဲ့နက်လေးတို့ကမြင်သူတကာစိတ်
သိမ်မွေ့စေသည်။သို့သော်ခံစားချက်မပါသောမျက်ဝန်း
တစ်စုံကတော့ဖျက်လိုဖျက်စီးလုပ်နေသည်။
"တော်ကြာ မိုးပြင်းကျတော့ရင် မြစ်ရေတက်လာမှာ။ရှင်ဒီမှာဆက်နေနေရင်ဒိုက်ပုံတွေနဲ့အတူပါသွားမှာနော်။"
         သူကပြောသော်လည်းဘာမှတုံ့ဟမှုမရှိသောထိုအမျိုးသမီးကြောင့်စိတ်နှောင့်လာရသည်။
"ဒီမှာ ရှင်ဘယ်သူလဲဆိုတာမသိပေမဲ့ မိုးပြင်းမကျခင် အိမ်ပြန်တာကောင်းလိမ့်မယ်။တော်ကြာနေကားလမ်းကမောင်းမရဖြစ်တော့မှာရှင့်။"
           ဘာမှပြန်မပြောပဲရပ်နေသောကြောင့်မယုံ
ကြည်နိုင်သဖွယ်ဖြစ်ရသည်။ဘယ်လိုတောင်ပြန်မပြောနားမထောင်ပါလိမ့်။
"ဒီမှာရှင့် ကျွန်မလည်းရှင့်ကိုပြောဖို့အဲ့လောက်အချိန်မရဘူး။မကြာခင်မိုးကျတော့မယ်။ရှင်အိမ်ကိုမြန်မြန်ပြန်တာကောင်းလိမ့်မယ်လို့။"
        သူပြောနေတုန်းရှိသေးမှာမိုးသားလိပ်တက်လာပြီးမိုးပေါက်တစ်ပေါက်နှစ်ပေါက်ကျလာသည်။
'သေစမ်း'
           တီးတိုးရေရွတ်ပြီးသက်ပြင်းချကာပေ
ကပ်ကပ်နှင့်ရပ်နေသောအမျိုးသမီးကိုလက်ကနေဆွဲ၍တံတားဘက်သို့ပြန်တက်လာခဲ့သည်။အနောက်ကအမျိုးသမီးကတော့အရုပ်ကလေးလိုပဲသူဆွဲခေါ်ရာပါလာတာပေါ့။တံတားပေါ်ကသူမကားဆီကိုရောက်တော့မိုးကအငြှိုးအတေးနဲ့ရွာတော့မည်အလား။ကားတံခါးလက်
ကိုင်ကိုဖွင့်ကြည့်တော့လော့မချထားတာသိလိုက်ရသဖြင့်
'ဘယ်လိုတောင် နမော်နမဲ့နဲ့။အလှူအဒါန်းရက်ရောနေတာပါလိမ့်'
နောက်ခန်းတံခါးကိုဖွင့်ပြီးသူမကိုတက်ခိုင်းကာသူပါ
ခြင်းတောင်းနဲ့ဖိနပ်ကိုကောက်ပြီးတက်လိုက်သည်။ကားတံခါးကိုပိတ်တော့မှမိုးကဝုန်းခနဲသွန်ချလာသဖြင့်ကပ်သီးလေးတင်လွတ်သွားသည်။သို့သော်သည်လိုပုံနဲ့သူအိမ်ပြန်
ရောက်တော့မည်မထင်။ထီးပါလာသော်လည်းသူမထီးကဒီလိုမိုးအရှိန်နဲ့ဆိုလမ်းခုလတ်တင်နိတ္ထိတံကံကုန်မှာအသေချာပဲ။
'ဟူး ဟူး ငါ့တော့အမေစိတ်ပူတော့မှာပဲ။'
ဘေးကအမျိုးသမီးကိုတစ်ချက်စောင်းကြည့်တော့သူမကဆံနွယ်တွေကိုတစ်ဖက်ပို့ပြီးလက်ဖြင့်ယှက်နေ
သည်။ပုခုံးလွတ်ဂါဝန်ဖြူလေးဝတ်ထားသဖြင့်မြင်နေရသောပြေပြေပြစ်ပြစ်ပုခုံးနှင့်သွေးကြောစိမ်းထင်
လည်တိုင်ကြောင့်ရင်ထဲမှာထူးထူးခြားခြားလှိုက်တက်လာသလိုခံစားလိုက်ရသည်။ငေးနေတာသတိထားမိသွားသောအမျိုးသမီးကသူ့ဘက်ကိုလှည့်လာသဖြင့်ချက်ချင်းဆန့်ကျင်ဘက်သို့ခေါင်းလှည့်လိုက်ရသည်။
အပြင်ဘက်မှမိုးပေါက်တွေကိုသက်ပြင်းကိုခါခါချတော့ဘေးဘက်မှအမျိုးသမီးကစကားဟလာသည်။
"တို့ ကြောင့်နဲ့ အိမ်မပြန်ရတော့ဘူး။"
    ဘေးကအသံကြောင့်လှည့်ကြည့်လိုက်တော့သူမကညှိုးငယ်သောမျက်နှာလေးဖြင့်။
"ကိစ္စမရှိပါဘူး။ဒါနဲ့ရှင်ကဒီကမဟုတ်ဘူးထင်တယ်။"
ဟုမေးတော့ခေါင်းကိုခါပြသည်။
"ဒါဖြင့် ဘယ်ကလဲ။"
"ရန်ကုန်က။"
"အော်"
   တိတ်ဆိတ်သွားသောကားထဲမှလေထုကအနည်း
ငယ်နေရခက်သည်ဟုထင်မိသည်။ကားမှရေဒီယိုကို
အပျင်းပြေဖွင့်လို့ရလားဟုမေးတော့ရသည်ဆို၍ဖွင့်
လိုက်တော့သီချင်းသံထွက်လာသည်။
🎶မိုးလေးဖွဲတုန်း သတိရတယ်🎶
'ဂါး...အခုကမိုးဖွဲနေတာမဟုတ်ဘူးဟ။ဒါနဲ့ဒီအမျိုးသမီး
ရန်ကုန်ကနေဒီထိကိုတစ်ယောက်ထဲကားမောင်းလာတာလား။'
"အာဂပဲ။"
"ဟမ်?"
"အော် ဘာ..ဘာမှမဟုတ်ပါဘူး။"
"မင်းကကော?"
"အ..အယ် ကျွန်မကဒီကပါ။"
"အော်။"
ဟုပြောပြီးခေါင်းကိုငြိမ့်ကာတစ်ဖန်တိတ်ဆိတ်သွား
ပြန်သည်။
'နေရခက်လိုက်တာ။သီချင်းသံကြောင့်သာနည်းနည်းတော်သေးတယ်။'
"မိုးကလည်းသည်းလိုက်တာနော်။"
သူမကကားပြင်ဘက်ကိုကြည့်ရင်းရေရွှတ်လိုက်သည်။
"ဟုတ်တယ်။မိုးလေဝသကြေညာထားတယ်လေ။မိုးကြီး
မယ်လို့။ဒီလိုချိန်မျိုးဆိုမြစ်ရေတက်ရင်ဘယ်လိုမှလုပ်လို့မရဘူး။တစ်ခါတစ်လေကျကားလမ်းပါမြုပ်တဲ့အထိပဲ။ဒါနဲ့ရှင်ကဒီနယ်မှာအမျိုးရှိလို့လား။ပြီးတော့ ကမ်းစပ်
ဘက်ဘာဆင်းလုပ်တာလဲ။"
မမေးဘူးဟုတွေးထားသော်လည်းမနေနိုင်တော့သ
ဖြင့်စပ်စပ်စုစုမေးလိုက်ရသည်။တွေဝေသွားသောသူမ
မျက်နှာကြောင့်မေးမိသောကိုယ့်ပါးစပ်ကိုကိုယ်စိတ်ထဲကနေသာဖြတ်ရိုက်လိုက်ပါတော့သည်။
"ဒီလိုပါပဲ။" ခပ်တွေတွေဖြေပြီးကားပြင်ဘက်သို့
ကြည့်ကာတိတ်ဆိတ်သွားပြန်သည်။သူလည်းထပ်မမေးရဲတော့ပဲငြိမ်နေလိုက်သည်။
'ဒီလိုပုံနဲ့မိုးကတိတ်မယ်မထင်ဘူး။အိမ်ကစိတ်ပူတော့မှာပဲ။'
"မင့် အိမ်ကစိတ်မပူဘူးလား။"
ရုတ်တရက်ထမေးလိုက်သောကြောင့်လန့်သွားသည်။
"အင်း ရပါတယ်။"
"အဲ့ဒီ ပန်းလေး။"
ခြင်းထောင်းထဲကပန်းကိုလက်ညှိုးထိုးပြီးပြောတော့သူကပန်းကိုကောက်ယူကာပေးလိုက်သည်။
"ဂန္ဓမာပန်းလေ။"
"အင်း။"
"အဖြူရောင်"
"တို့ လိုပဲပေါ့။"
သူမဝတ်ထားသောဂါဝန်ဖြူလေးနဲ့ဆင်တူလေးဆိုတာကိုပြပြီးပြောနေသောထိုအမျိုးသမီးကချစ်ဖို့ကောင်း
သည်ဟုစိတ်ထဲမှမှတ်ချက်ပေးလိုက်သည်။
"ဂန္ဓမာဖြူတွေက သစ္စာစောင့်သိခြင်း၊ရိုးသားခြင်းနဲ့
အမှန်တရား လို့အဓိပ္ပာယ်ဖော်တယ်လေ။နောက်တစ်မျိုးအနေနဲ့ဆို သစ္စာရှိစွာ ပေးအပ်ဆည်းကပ်တဲ့အချစ်လို့
လည်းပြောကြတယ်။"
"သစ္စာရှိတာ?"
ဂန္ဓမာပန်းလေးကိုစိုက်ကြည့်ပြီးရေရွတ်ကာပြော
လိုက်သည်။
"အင်း ဟုတ်တယ်။ဒါပေမဲ့သူများနိုင်ငံတွေမှာဂန္ဓမာပန်းအဖြူကိုအသုဘမှာပဲသုံးကျတာ။ကျွန်မတို့ဆီမှာပဲဘုရားကပ်လက်ဆောင်ပေးနဲ့လုပ်နေကြတာ ရယ်ချင်စရာကြီးနော်။"
"ဟုတ်တယ်နော် ဟီး ဟီး။"
     ဘာကြောင့်လဲတော့မသိပေမဲ့သူနဲ့အတူရှိရတာကို
သဘောကျသလိုရှိသည်။သူပြောပြတဲ့ဂန္ဓမာပန်းအ
ကြောင်းကိုလည်းသိပြီးသားဖြစ်ပေမဲ့သူပြောပြတာကိုပိုသဘောကျသလိုလည်းရှိလှသည်။
"ဂန္ဓမာပန်းကိုကြိုက်လား?"
"ဟင့်အင်းမကြိုက်ဘူး။ဒါပေမဲ့သဘောတော့ကျတယ်။"
'သဘောကျတာနဲ့ကြိုက်တာကတူတူပဲမဟုတ်ဘူးလား။'
"အော် ပြောသာပြောနေကြတာ။ကျွန်မတို့အချင်းချင်း
မိတ်မဆက်ရသေးဘူးနော်။"
"ဟုတ်သား။"
"ကဲ ဒါဖြင့်ကျွန်မကပဲအရင်စမိတ်ဆက်မယ်။ကျွန်မ
နာမည်ပယင်းပယင်းသွယ်ပါ။ရှင်ကရော?"
    ဆံပင်ကိုနားနောက်သို့သပ်လျက်ညင်သာလေးပြုံးကာပြောလိုက်
သည်။
"မြဧရာ။တို့ နာမည် မြဧရာ ပါ။"
-----------------
      ကားကိုအိမ်ရှေ့သို့ထိုးရပ်လိုက်သည်နှင့်တစ်ပြိုင်
နက်ကားပေါ်မှဆင်းပြေးကာအမေ့ဆီပြေးသွားသည်။
မြဧရာကကားပေါ်ကနေမဆင်းသေးပဲပယင်းနဲ့သူမအမေရဲ့ဆက်နွယ်မှုကိုကြည့်ကာနေသည်။
မိခင်မေတ္တာ
မိန်းမောကာတွေးနေသောအမျိုးသမီးဆီပယင်းသွား
ပြီးခေါ်လိုက်သည်။
"မြဧရာ ကားပေါ်ကခနဆင်းပါအုန်းလား။ကျွန်မအမေနဲ့
မိတ်ဆက်ပေးချင်လို့။"
   ခေါင်းကိုငြိမ့်ပြီးကားပေါ်မှဆင်းကာပယင်းခေါ်ရာဆီ
လိုက်လာသသည်။
"မေမေ ဒါမြဧရာတဲ့။သူကရန်ကုန်လာတာတဲ့မေမေရဲ့။"
    ပယင်း၏အမေဖြစ်ပုံရသောခပ်ရင့်ရင့်အမျိုးသမီးကမြဧရာကိုခြေဆုံးခေါင်းအစကြည့်ပြီးပယင်းပြောတာ
ခေါင်းတငြိမ့်ငြိမ့်နဲ့နားထောင်နေသည်။
"ရန်ကုန်ကနေဒီအထိကိုတစ်ယောက်ထဲကားမောင်း
တယ်လား။အန္တရာယ်များလိုက်တယ်သမီးငယ်ရယ်။"
    တစ်ခါမျှမမြင်ဖူးမသိဖူးသော်လည်းမြဧရာအတွက်
စိတ်ပူပေးနေသည်မှာမြဧရာအတွက်တော့ထူးဆန်းလှ
သည်။
"ကျွန်မကကျင့်သားရနေပါပြီ ဒေါ်ဒေါ်။"
"သမီးကဒီမှာအမျိုးရှိလို့လား။"
"မရှိပါဘူး ဒေါ်ဒေါ်။စိတ်ပြေလက်ပျောက်မွန်းကျပ်မှုကနေခနလွတ်မြောက်အောင်စိတ်လိုရာအတိုင်းမောင်းချလာတာပါ။လမ်းမှာဒီကညီမနဲ့တွေ့ပြီးမိုးတွေအရမ်းသည်းလာတာနဲ့အိမ်ပြန်မပို့နိုင်ခဲ့မိတာ။တောင်းပန်ပါတယ်။"
    ခါးကိုညွန့်ခေါင်းကိုငုံ့ပြီးတောင်းပန်စကားဆိုလာသောမြဧရာကြောင့်ပယင်းရောပယင်း၏အမေပါအံ့သြသွားရသည်။
"အို ရပါတယ် သမီးငယ်ရယ်။အဒေါ့်သမီးလည်းအိမ်
ပြန်ရောက်လာပြီပဲဟာ။အဒေါ့်နာမည်လည်းမှတ်ထားအုန်း။ဒေါ်အေးသွယ်တဲ့။ကဲ လာ လာ ရောက်တုန်းလေး
အိမ်ထဲဝင်နားပါ့လား။အပြင်မှာမတ်တပ်ကြီးတွေနဲ့။"
      ပယင်းအမေလက်ဆွဲခေါ်သဖြင့်မြဧရာအနောက်ကနေပါသွားရသည်။သူစိမ်းသူနဲ့အသားချင်းထိတွေ့မှုမလုပ်ဖူးသောမြဧရာကပယင်း၏အမေလက်ကိုင်တာကို
အနည်းငယ်သဘောခွေ့လှသည်။နွေးထွေးလိုက်တာဟု
လည်းတွေးမိသည်။
အိမ်ထဲရောက်တော့ပယင်းကသူမအခန်းထဲဝင်သွားပြီး
ပယင်း၏အမေလုပ်သူကတော့မြဧရာကိုထိုင်ခိုင်းစေကာနောက်ဖေးချောင်ထဲသို့ဝင်သွားသည်။ခနကြာတော့မှဒေါ်အေးသွယ်ပြန်ထွက်လာကာလက်ထဲမှအကြမ်းအိုးဗန်းကိုကိုင်လျက်။
"မြဧရာ အဝတ်အစားအပိုပါလား။"
မြဧရာခေါင်းကိုခါပြတော့ပယင်းကအမေလုပ်သူကို
လှမ်းကြည့်သည်။
"ပယင်းလေးကသမီးအဝတ်တွေငှားလိုက်ပါ့လားကွယ်။"
"ဟုတ်" ဟုဆိုပြီးအခန်းထဲသို့ပြန်ဝင်သွားကာမြဧရာ
အတွက်သင့်တော်မည့်အဝတ်တစ်စုံကိုရှာလေသည်။ဒေါ်အေးသွယ်ကအကြမ်းအိုးကိုစားပွဲပေါ်တင်ပြီးလက်
ဖက်ရည်ပန်းကန်လုံးကိုချကာအကြမ်းရည်ခပ်ပေးသည်။
"သောက် သမီး။ဒီလိုရာသီဥတုစိုထိုင်းထိုင်းလေးမှာ
အကြမ်းရည်ကအသင့်တော်ဆုံးပဲ။"
ဟုဆိုပြီးသူ့အတွက်ပါတစ်ခွက်ထည့်၍သောက်လေသည်။မြဧရာအကြမ်းပန်းကန်ကိုခနစိုက်ကြည့်ပြီးမှ
ခွက်ကိုယူကာဖူးခနဲမှုတ်၍သောက်သည်။
"မြဧရာ။ဒီမှာ မြဧရာအတွက်သင့်တော်မယ်ထင်တဲ့
အဝတ်တွေကျွန်မယူလာပေးတယ်။"
အဝတ်တစ်စုံကိုမြဧရာဆီထိုးပေး၍ပယင်းကပြော
သည်။မြဧရာကကျေးဇူးတင်ကြောင်းပြောပြီး
အဝတ်ကိုယူကာအကြမ်းရည်ကိုဆက်သောက်နေသည်။
ပယင်းလည်းသူမအမေနားတွင်ကပ်ထိုင်ပြီးမြဧရာရဲ့
ရေနွေးကြမ်းသောက်တော်မူခန်းကိုရှု့စားလေသည်။
"သမီး မြဧရာကဒီမှာဆွေမျိုးသားချင်းမရှိတော့ဘယ်လိုတည်းမတုန်း။"
   ဒေါ်အေးသွယ်မေးတော့မြဧရာကအကြမ်းပန်းကန်ကိုချလျက်ဖြေလာသည်
"ဒီတိုင်း ကားပေါ်မှာပဲအိပ်မှာပါ။"
   မြဧရာရဲ့အဖြေကြောင့်ပယင်းရောဒေါ်အေးသွယ်ရော
အံ့သြလွန်သွားကာတစ်ယောက်မျက်နှာတစ်ယောက်
ကြည့်သည်။မြဧရာကတော့အေးရာအေးကြောင်းပင်။
"အို ကွယ် မိန်းကလေးတစ်ယောက်ထဲဘယ်ဖြစ်မတုန်း။
ပြီးတော့ သမီးအကြံက အိုကွယ် နမော်နမဲ့နိုင်လိုက်တာဆိုတာ။"
   ဒေါ်အေးသွယ်ညည်းငြူရင်းခေါင်းတကုတ်ကုတ်ဖြင့်။ပယင်းကတော့ကြားထဲ၌ဝင်မပြောပဲငြိမ်သာနားထောင်နေသည်။
"ကဲ ဒီလိုလုပ်ကွယ်။အဒေါ်တို့မှာလည်းသားအမိနှစ်
ယောက်တည်းရှိတာရယ်။သမီးကအဒေါ်တို့နယ်ကိုလာတဲ့ဧည့်သည်ဆိုတော့အဒေါ်တို့ဆီမှာပဲပျော်သလောက်တည်းပေါ့။ကဲ ဘယ်နှယ့်ရှိစ။"
    ဒေါ်အေးသွယ်ရဲ့အကြံကိုမြဧရာလက်ခံမခံ။ပယင်းကလည်းအကြမ်းပန်းကန်လေးပါးစပ်နားတေ့ရင်းမျက်လုံးလေးကလည်းစွေကာမြဧရာလက်ခံဖို့ရာမသိမသာဆုတောင်းလျက်။မြဧရာလက်ခံဖို့ရာလည်းသင့်လှပါပြီ။
        ×
    စောင်တွေခေါင်းအုံးတွေကိုထွေးပိုက်လျက်ပယင်း
အခန်းဝ၌ရပ်နေသည်။အထဲဝင်၍မြဧရာကိုမည်သို့သောကိစ္စကြောင့်ရင်ဆိုင်ဖို့ရာစိတ်လှုပ်ရှားနေလဲမသိ။အသက်ကိုခပ်သာသာလေးပါးစပ်ဖျားမှရှုထုတ်ရင်း
ပိတ်ထားသောတံခါးကိုမနိုင်မနင်းလက်တစ်ဖက်ဖြင့်
ခေါက်လိုက်သည်။အထဲကဖွင့်သံကြားတော့အနောက်ကိုခြေတစ်လှမ်းဆုတ်မိကာတံခါးဝမှမြဧရာကိုမြင်တွေ့
လိုက်ရသည်။
"မြ..မြဧရာ ကျ..ကျွန်မ စောင်..စောင် ၊ခေါင်းအုံး။"
  တစ်ဝက်တစ်ပျက်တွေပြောနေသောပယင်းစကားကို
မြဧရာခေါင်းတစ်ဖက်စောင်းလျက်နားမလည်ဟန်ပြု
သည်။
"ဟို..ဟို-"
"စောင်တွေခေါင်းအုံးတွေလာပေးတာလား။"
    မြဧရာပြောမှခေါင်းကိုတဆတ်ဆတ်ငြိမ့်လိုက်သည်။
မြဧရာတံခါးကိုခပ်ကျယ်ကျယ်ဖွင့်ပေးလိုက်တော့ပယင်းဝင်သွားပြီးကုတင်ထက်၌တစ်ပွေ့တပိုက်ကြီးတင်ပေး
လိုက်သည်။
"တို့ကဒီမှာအိပ်တော့ မင်းက ဘယ်မယ်အိမ်မလဲ။အခန်းပိုရောရှိလား။"
"အခန်းပိုကရှိပေမဲ့စတိုခန်းလိုဖြစ်နေပြီ။ရပါတယ် ကျွန်မအမေနဲ့အိပ်လို့ရတယ်။"
"အို မဟုတ်တာ။ဒေါ်ဒေါ်သူ့ဘာသာအေးဆေးအိပ်ပါ့စေ။"
"ရပါတယ် ဘာမှမဖြစ်ပါဘူး။အမေကအဆင်ပြေပါတယ်။"
"မဟုတ်သေးပါဘူး။"
   စုတ်တစ်သပ်သပ်နှင့်ခေါင်းကိုခါလျက်ငြင်းဆိုနေသောမြဧရာကိုပယင်းတစိမ့်စိမ့်ကြည့်နေသည်။
"ဒေါ်ဒေါ်ကအသက်ကြီးလာပြီလေသူ့ဘာသာအေးဆေးနေချင်မပေါ့။မင်းကမနှောင့်ယှက်ပါနဲ့။"
ပယင်း'ဟယ်'ဟုတမိသည်အထိ။ထို့နောက်
မြဧရာကကုတင်ဘေးဖျာခင်းလျက်စောင်တွေခေါင်းအုံးတွေချတော့ပယင်းပြူးတူးပြဲတဲနှင့်ပြောရသည်။
"မြ..မြဧရာ ဘာလုပ်တာလဲ။"
"တို့ အောက်မှာအိပ်မယ်။မင်းကုတင်ပေါ်အိပ်။"
"ဟယ် ကျွန်မကိုယမမင်းဆီတန်းမပို့ပါနဲ့ မြဧရာရယ်။ထပါ ကုတင်ပေါ်မှာပဲအိပ်ပါ။"
"မင်းကအိမ်ရှင်လေ။အဲ့တော့ကုတင်ပေါ်အိပ်။"
"ရှင်ကဧည့်သည်လေ။အဲ့တော့ကျွန်မတို့ကကုတင်
အောက်အိပ်ခိုင်းလို့ကောင်းမလားရှင့်။"
နှစ်ယောက်လုံးငြိမ်ကျသွားပြီးဘာဆက်ပြောရမည်မသိ။အကြံအိုက်နေပြီ။နောက်တော့မှမြဧရာကထလာပြီး
ပယင်းကလည်းသူဘာလုပ်သလဲကြည့်နေသည်။
မြဧရာကကုတင်ပေါ်တက်လှဲသည်။ဟိုလှည့်ဒီလှည့်
လှည့်ကြည့်သည်။ဖက်ခေါင်းအုံးကိုသူမဘေးထား
ကြည့်သည်။ပြီးတော့ပြန်ထလာပြီးပယင်းဆီလျှောက်လာတော့ပယင်းကမြဧရာဘာလုပ်မည်ကိုအထိတ်တလန့်
ဖြင့်။အနားရောက်တော့မှပယင်းခန္ဓာကိုယ်အရွယ်အစားကိုလက်နှစ်ဖက်ဆန့်ထုတ်ကာတိုင်းပြီးပြန်လှည့်သွားတော့မှပယင်းပယင်းမှအကြောင်သား။မြဧရာကိုကြည့်
ပြန်တော့လက်ကြီးကားပြီးဘာလုပ်နေမှန်းမသိ။
ထို့ကြောင့်ပယင်းစိတ်ထဲ၌
'ဟင် ဘာလားဟ' ဟု မြဧရာကိုကြောင်များကြောင်နေ
သလားတွေးမိသည်။
"အင်း ရပြီ။"
ပယင်းဘက်သို့လှည့်လာပြီးခါးကိုထောက်ကာဟန်ပန်
နှင့်ပြောလိုက်သည်မှာ
"ကဲ။တို့ အတူအိပ်ကြမယ်။"
"ရှင်?!!"

"မြဧရာ"Where stories live. Discover now