" လှ.... လိုက်... တာ..."
တစ်လုံးချင်းစီ ထွက်လာသော မယု၏ စကားသံကို မြစ်ရေစီးသံ တဝေါဝေါ ကြားမှ အသေအချာ နားစိုက်ထောင် ရသည်။
လပြည့်ည ဖြစ်သည်မို့ လျှပ်စစ်မီးရောင်များ မရှိသော်ငြား ပတ်ဝန်းကျင် တခွင်သည် လူလုံး သဲကွဲအောင်တော့ မြင်နိုင်ပါသည်။
အချိန်ကား ည (၈) နာရီ ခန့်။
နေရာ ကား မြို့သစ် ရွာဦး ဘုန်းကြီးကျောင်း အနောက်ဖက်၏ မြစ်ကမ်းပါး အစပ်မှာ။
လူသံ သူသံတွေက ဆူညံနေသလို တစ်ဖက်က တာပိန်မြစ် ကလည်း တာဝန်ကျေပွန်စွာ တဝေါဝေါ စီးဆင်းလျက်။
မြစ်ကမ်းပါးကို အင်္ဂတေ ဆည် တံတိုင်းဖြင့် အခိုင်အမာ ကာရံထားသည်မို့ မေခန့်က ထို ဆည်ပေါ် တက်ကာ ထိုင်ရင်း မယု ကိုပါ ထိုင်ခိုင်းရသည်။
ဆည်ရိုး က တစ်ပေခွဲခန့် အကျယ် ရှိသည်မို့ လူတစ်ယောက်တော့ ကောင်းကောင်း ထိုင်နိုင်သည်လေ။
ဘုန်းကြီးကျောင်းနှင့် ကပ်လျက်မှာက ဆုတောင်းပြည့်မြို့ဦးစေတီ။
ဆိုခဲ့သလို ရွာ ဟု သာ ခေါ်တွင်သော်လည်း တိုးတက်မှုက မြို့တစ်မြို့လို အသက်ဝင်နေသည်မို့ ထိုစေတီကို ရှေးယခင် အစဉ်အဆက် ကတည်းက ရွာဦးစေတီ ဟု မခေါ်ကြဘဲ မြို့ဦးစေတီ ဟူ၍သာ အမည်နာမ သမုတ်ခဲ့ကြသည်လေ။
" လာပြီ... လာပြီ....."
လှုင်းကြက်ခွပ်များကို လရောင် ထိ ရိုက်သဖြင့် တဖျတ်ဖျတ် လင်းလက်နေသော ငွေရောင် မြစ်မျက်နှာပြင်၏ ဟိုး အထိပ်ဖျားမှာ အဝါရောင် မီး တစ်ခု။
ထို့နောက် အနီ... အစိမ်း...။
ရောင်စုံ မီးရောင်များ တန်းစီ၍ ကျလာပုံက မှင်သက်ရှုမော စရာ ။
နဂိုက မြစ်ပြင်ကျယ် နှင့် လပြည့်ည ၏ ပနံသင့်မှုကိုပင် လှလိုက်တာ ဟု ချီးကျူးနေသော ဒေါ်လင်းယုနွယ်တစ်ယောက် ယခု မြင်ကွင်းကို အသက်မှ ရှူပါလေစ ဟု အတွေးရောက်ရသည်။
မီးထောင်ပြည့် မျှောပွဲ....။
ငွေရောင်လက်လက် ထ နေသော မြစ်ပြင် တစ်ကြောလုံးအပေါ် ရောင်စုံ မီးပုံးများ စီတန်း၍ မျှောလာပုံက ရင်သပ်ရှုမောဖွယ်ရာ အလှအပ တစ်ခု။
YOU ARE READING
ချစ်ခြင်းဖြင့် ချည်နှောင်သော
Romanceမယု လို့ခေါ်လို့ရတယ်။ တို့နာမည်က လင်းယုနွယ် .....