ချစ်ရသူနိုးထအလာကို စောင့်နေတာ နှစ်ရက်ကြာသွားခဲ့တယ်။ သုံးရက်မြောက်နေ့ မနက်ခင်းမှာလည်း အနားမှာ ရှိနေပေးတာပဲ။ ပြစ်ချက်ကင်းမဲ့တဲ့ ရုပ်ထုတစ်ခုလို အိပ်စက်နေတဲ့ ချစ်ရသူရဲ့လက်ကို နွေးထွေးစွာ ဆုပ်ကိုင်ထားတယ်။ မျက်လုံးတွေကို ဖွင့်လိုက်တာနဲ့ တစ်စုံတစ်ယောက်ယောက်က အနားမှာ ရှိနေတယ်ဆိုတဲ့ အသိကို သူ ပထမဆုံးရချင်တဲ့ ဆန္ဒပါ။ဒီနှုတ်ခမ်းတွေ...၊ ဒီနှုတ်ခမ်းတွေက သူ့ကို မချစ်ဘူးပြောခဲ့တာ အမှန်ပဲလား။ မဟုတ်သေးဘူး။ သူပဲမှားတာ နေမှာပါ။
မယုံနိုင်ဘူးလို့ တွေးနေရင်းပဲ ဖြည်းဖြည်းချင်း လှုပ်ရှား ပွင့်ဟလာတဲ့ နှုတ်ခမ်းတွေ၊ တတင့်တင့် ရွေ့လျားသွားတဲ့ မျက်တောင်တွေကို သူမြင်လိုက်ရတယ်။ ဒီနေ့ဘာနေ့လဲ။ ဘာနေ့လဲဆိုတာကို သွားကြည့်ပြီး ကံကောင်းတဲ့နေ့ပဲလို့ ပြောဦးမှပဲ။
"ကိုကို" "ကိုကို သတိရလာပြီလား"
အလောတကြီး အနားကပ်သွားပြီး ဝမ်းသာသွားမိတဲ့ အပြုံးတွေနဲ့ နှုတ်ဆက်လိုက်ပေမဲ့၊
ဘာလို့ မပြုံးရတာလဲ အဲ့ဒီနှုတ်ခမ်းတွေ၊ ဘယ်လိုအကြည့်တွေလဲ အဲ့ဒီမျက်လုံးတွေ။ တစ်ခုခုတော့ မှားနေတာလားလို့ တွေးမိတော့...
"မင်း....
ဘယ်သူလဲ"တစ်ခုခု မဟုတ်ဘူး။ အရမ်းကြီး မှားနေတာ။
"ရှင်း.. ရှင်းမ်ဂျယ်ယွန်းလေ
ကိုကို ကျွန်တော့်ကို... မမှတ်မိတော့တာလားဟင်""ငါ မင်းကို မသိဘူး"
မလျော့မတင်းလေး ဆုပ်ကိုင်ထားတဲ့လက်ကလေးဟာ တဖြည်းဖြည်းနဲ့ ပြေလျော့သွားတယ်။ ထိတ်လန့်တကြားဖြစ်သွားပုံကို ဆောင်ရွက်ပြတာ။
လက်ကိုလွှတ်ပြီးတဲ့အချိန်ထိ ခေါင်းမှာ ပတ်တီးစီးထားရတဲ့ အီဟီဆွန်းက အရမ်းအေးစက်လွန်းနေတယ်။ အပြုအမူတွေ၊ အကြည့်တွေကအစ သူစိမ်းဆန်သွားခဲ့ပြီလို့ ရှင်းမ်ဂျယ်ယွန်း ရုတ်တရက် သိလိုက်ရတော့တာပဲ။
သူ့ကို သူစိမ်းလို့ ထင်နေတဲ့သူရဲ့အရှေ့မှာ မျက်ရည်မကျမိချင်တာနဲ့ အခန်းထဲက ထွက်ပြေးလာခဲ့တယ်။