တကွင်းကျေးရွာ ဆိုသည့် ဤစံပြကျေးရွာကြီးသည် ရပ်ကွက်ပေါင်း (၁၂) ရပ်ကွက် ဖြင့် စုစည်းထားသည့် ရွာအကြီးစားတစ်ခုပင် ဖြစ်လေသည်။ ရပ်ကွက်များက တစ်ခုနှင့်တစ်ခု ကပ်လျက် ရှိနေသည်မို့ မည်သည့်နေရာက မည်သည့်နံပါတ် ဆိုသည်ကို သူမ သေချာ မသိပေ။ သူမ တင်မက ကလေး၊လူငယ် အတော်များများလည်း မသိကြပေ။
သူမ သေချာသိသည်က သူမနေထိုင်ရာ ရပ်ကွက်သည် ရပ်ကွက် (၁၂) ဖြစ်ကြောင်းနှင့် အခြားရပ်ကွက်များကိုတော့ ဗမာကုန်း၊ ရှမ်းကုန်း၊ ကချင်ကုန်း ဟူ၍သာ ခြုံပြီး သိထားလေသည်။ ထိုသို့ ကုန်းဟု ခေါ်ဆိုခြင်းမှာ မြေပြန့်မဟုတ်၊တောင်ပေါ်မဟုတ်ပဲ သေးငယ်သော တောင်ကုန်းအစုအစုများပေါ်တွင် နေအိမ်များ တည်ဆောက်ထားသောကြောင့်ပင်။
ရပ်ကွက် (၁၂) ဖြစ်ကြောင်း သိနေသည်မှာလည်း ဤရပ်ကွက်တွင် အလယ်တန်းလွန်ကျောင်း တည်ရှိနေသောကြောင့်သာ ဖြစ်သည်။ ကျောင်းသွားသည့်အချိန်တိုင်း ခန့်ညားလှသော အစိမ်းရောင် ကျောင်းဆိုင်းဘုတ်ဆီမှ မြင်နေရသည့် စာသားကြောင့်ဆိုလျှင် ပို၍ မှန်ပါလိမ့်မည်။ ရပ်ကွက် (၁၂) ၏ ထူးခြားချက်မှာ တောင်တန်းကြီးများ ကာရံထားသည့် ချိုင့်ဝှမ်းနေရာကဲ့သို့ တောင်ကုန်းများက ဝန်းရံထားကာ အလယ်တွင် မြေပြန့်သဖွယ် တည်ရှိနေခြင်းပင်။
ဤ ရပ်ကွက် (၁၂) တွင်တော့ တိုင်းရင်းသား သုံးမျိုးစလုံး စုပေါင်းနေထိုင်ကြလေသည်။ ထိုသို့ ကချင်၊ရှမ်း၊ဗမာ စသည့်လူမျိုးများ စုပေါင်းနေထိုင်ကြသည်မို့ အိမ်ခြေများ ပေါများသလို ကုန်းအလိုက် ပါးစပ်ရာဇဝင်များကလည်း ပေါများနေလေသည်။
စုန်းမီးလုံးမှ အစပြုကာ ကျတ်တစ္ဆေအထိပါ ဤရွာကြီးထဲ ရာဇဝင်ပေါင်းများစွာ တည်ရှိနေ၏။ ကိုလိုနီခေတ်တုန်းက စစ်ပွဲဖြစ်ရာနယ်မြေမို့ မျိုးစုံသော သဘာဝလွန်ဖြစ်ရပ်မျိုးလည်း မကြာမကြာ ကြုံတွေ့ကြရသည့် နယ်မြေတစ်ခုပင်။ ထိုသို့ အဖြစ်အပျက်မျိုး မကြာမကြာကြုံတွေ့ကြရသော်လည်း အသက်အန္တာရယ် ထိခိုက်သည်အထိ မဖြစ်ကြသည်မို့ ကြာလာတော့လည်း အားလုံးအတွက် မထူးဆန်းတော့ပေ။ ထို သဘာဝလွန်ဖြစ်ရပ်များစွာ၊ ပါးစပ်ရာဇဝင်များစွာထဲမှ သူမတို့ ကြောက်ရွံ့ကြသည့် အကြောင်းအရာက တစ်ခုတည်း။ ထိုအရာက "Lylahh" ဆိုသည့် မကောင်းဆိုးဝါးအကြောင်း ပင်။
YOU ARE READING
The Yellow Eyes
HorrorDemon တွေ တကယ်ရှိတယ်ဆိုတာကို ယုံကြည်လား ။ ဒါဆိုရင် ပထမဦးဆုံးသော Demon ဖြစ်တဲ့ Lilith ကို သိကြမယ်ထင်တယ်။ Lilith ရဲ့ သားသမီးတွေများစွာထဲကမှ အမေ့ခံ Lylah ကို သူငယ်ချင်း တစ်စုက ပင့်ဆောင်မိကြတဲ့အခါ..... Lylah ဆိုတဲ့ ဇာတ်ကောင်ကို ကိုယ်တိုင်ဖန်တီးထားခြင်း...