"ကိုလင်း.."
"ပြော.."
ညနေစောင်း ရွာချောင်းလေး၌ ချစ်ရသူနှင့်အတူ အာကာမင်းမြတ်ထိုင်နေတာဖြစ်သည်။ဘေးနားမှ ထိုင်ကာ ချစ်ရသူ၏ မျက်နှာချောချောလေးအား ငေးကြည့်ရသည်မှာ တကယ်ကြည်နူးစရာပင်။အပြစ်ကင်းစင်သည့် မျက်နှာချောချောလေးက ဘာအဖုမှမရှိပဲ ကြည်လင်နေသည်။
"မနေ့က မတရုတ်မ ပေးခိုင်းလိုက်တဲ့စာက ဘာစာလဲ.."
ကိုလင်း၏မျက်နှာအချိုးအကျကို အလွတ်မှတ်နေသော အာကာမင်းမြတ်အဖို့ ကိုလင်းမျက်နှာပျက်သွားသည်ကို မြင်လိုက်ရသည်။
"မြို့ကစာပါ.."
"မြို့က စာတော့ကျုပ်သိတယ်လေ..အဲ့မြို့က ဘာစာပို့လိုက်တာလဲလို့.."
"စပ်စုလိုက်တာ.."
အာကာမင်းမြတ်အား မျက်စောင်းထိုးကာ မကျေနပ်ဟန် ဆိုလာသည်။
"ကျုပ်က ကိုလင်းနဲ့ပတ်သက်ပြီးတော့ပဲ စပ်စုတာ..ပြော..ဘာစာလဲ.."
"ပြောင်းရွေ့စာ.."
"..."
လင်းပြောလိုက်သည့်စကားအား စကားပြန်မရှိသည့်အတွက် ထိုကောင်လေးအား လင်းလှည့်ကြည့်မိသည်။မျက်ဝန်းအိမ်ထဲ၌ အရည်ကြည်များ ဝေ့သီကာ မျက်ရည်များ ပါးပြင်ထက်သို့ စီးမကျလာစေရန် ကိုယ့်ကိုကိုယ်ထိန်းချုပ်ကာ ဟန့်တားနေသည်။
"အာကာမင်းမြတ်.."
"တကယ်ကြီး ပြောင်းရတော့မှာပေါ့.."
အသံက တုန်တုန်ရင်ရင်နှင့်။
"ကျုပ်တို့ချစ်သူဖြစ်တာ ဘယ်လောက်မှတောင် မကြာသေးဘူး..ခွဲရတော့မှာလား.."
လင်းဖက်ပြီး နှစ်သိမ့်ပေးချင်ပေမဲ့ လူမြင်ကွင်းကြီးမှာမလို့ မသင့်တော်။
"ငါသွားမယ်လို့ ပြောနေလို့လား.."
"ဗျာ.."
လင်းပြောလိုက်တော့မှ တအံ့တသြနှင့် လင်းထံ စိုက်ကြည့်လာသည်။
"ငါမသွားဘူး..ဒီကျောင်းမှာပဲ အရိုးဆွေးတဲ့အထိ လုပ်တော့မယ်..ရာထူးလည်း မမက်ဘူး..မြို့မှာက မင်းဆိုတဲ့ အာကာမင်းမြတ်မှ မရှိတာ..ရွာမှာပဲ မင်းရှိတာလေ.."