ရေတမာပင်တန်းတွေဝိုင်းနေတဲ့ တက္ကသိုလ်ဝန်းထဲက ရေကန်စပ်မှာ ထိုင်နေတဲ့ ကောင်မလေးနှစ်ယောက်ရဲ့ ရယ်မောသံတွေဟာ အိမ်မက်ဆိုသော်ငြား ပြတ်ထင်လွန်းနေသည်မှာ သူတို့၏ အမူအယာကြောင့်ပင်ဖြစ်လိမ့်မည်။ စားပြီးသား အမှိုက်ခွံ့တွေကို ကြွပ်ကြွပ်အိတ်ကြီးတစ်လုံးထဲသို့ စုထည့်နေသော ကောင်မလေးသည် သူ့ဘေးနားက မြက်ခင်းပေါ်လှဲအိပ်နေသည့် တခြားကောင်မလေးအား မေးမြန်းလိုက်ပုံမှာ...."လွင် ကျောင်းပြီးရင် ဘာလုပ်မယ် စိတ်ကူးထားလဲ""ကျောင်းပြီးမှတော့ ရေစက်ချတရားနာရုံပဲ ရှိမှာပေါ့ ...အာ့ ဟား မလုပ်နဲ့လေ နေခြည်ရဲ့ နာတယ်" "သေစမ်း လွင် ငါမေးတာ ကောင်းကောင်းမဖြေဘူး အင့်ဟာ အင့်ဟာ" ခပ်နောက်နောက်ပြန်ဖြေတဲ့ ကောင်မလေးကို လက်ထဲက ကြွပ်ကြွပ်အိတ်ထုပ်နဲ့ လွှဲရိုက်တော့ မြက်ခင်းပေါ်မှာ နှစ်ယောက်သား လူးလိမ့်ကာ သတ်ပုတ်ကြတော့သည်။ တခဏကြာမှ ဘေးချင်းကပ်ရပ် မြက်ခင်းပေါ်လှဲပြီး အိပ်လိုက်ကြသည်။ နှစ်ယောက်စလုံးမောနေပြီဆိုတော့ ရန်ပွဲကလည်း ယာယီရပ်စဲထားသည့် သဘောရှိသည်။ "လာ ငါ့လက်မောင်းပေါ် ခေါင်းအုံးလိုက် ဆံပင်တွေပေကုန်မယ် မနက်ကမှ ခေါင်းလျှော်လာတာမလား နေခြည်" အလိုက်သင့် တိုးဝင်လာတဲ့ ခေါင်းလုံးလုံးလေးကို မသိမသာ မွှေးကြူလိုက်တာကိုတော့ ကာယကံရှင်မှ လွဲ၍မသိနိုင်။ "ငါအကောင်းမေးတာ လွင်ရဲ့ ကျောင်းပြီး ဘွဲ့ရရင် ဘာလုပ်မှာလဲလို့"အမေးခံရသူမော့ကြည့်လိုက်တဲ့ ကောင်းကင်မှာ မိုးတိမ်လိပ်တွေက ခပ်ပါးပါး တက်လာသည်။ "အရင်တုန်းကတော့ အိမ်ရဲ့ စီးပွားရေးကိုပဲ ဆက်လုပ်မယ်လို့ စဉ်းစားထားတာ" "မိုက်တာပေါ့ လွင်ရဲ့ အိမ်စီးပွားရေးဆို ဆောက်လုပ်ရေးလုပ်ငန်းပေါ့ ဟုတ်လား အဲ့ဒီလုပ်ငန်းက ဝင်ငွေသိပ်ကောင်းတာဆိုပဲ""ငါ့ကိုပဲ မေးမနေနဲ့ မင်းရော ဘာတွေမျှော်လင့်ထားလဲ" "ဆရာမလေး တက္ကသိုလ်ဆရာမလေး မေမေကပြောတယ် တက္ကသိုလ်မှာ ဆရာမလေးဖြစ်ရင် သေပျော်ပြီတဲ့""မင်းကိုယ်တိုင်ကရော ဘာဖြစ်ချင်တာလဲ စဉ်းစားဖူးလားနေခြည်" တခဏမျှ တိတ်ဆိတ်သွားပြီးနောက် ..... "ဒီဇိုင်နာဖြစ်ချင်တာ ဝတ်စုံလှလှလေးတွေဖန်တီးတဲ့ ဒီဇိုင်နာဖြစ်ချင်တာ ဒါပေမယ့် အဲ့တာက ဝါသနာတစ်ခုအပြင်မပိုတော့ပါဘူး မေမေတို့က သဘောကျမှာ မဟုတ်ဘူး မေမေတို့စိတ်ဆင်းရဲ အောင်လည်းမလုပ်ချင်ဘူးလေ" "နေခြည်" "ဟင်" "အကယ်၍ပေါ့ မဖြစ်မနေလုပ်ချင်တယ်ဆိုရင် ကြိုးစားကြည့်ပါလား မင်းသာ တကယ်စိတ်ပါရင် ကြိုးစားကြည့်သင့်တယ် မင်းမိဘတွေနဲ့ ဆွေးနွေးကြည့်ပါလား" "မလွယ်ပါဘူး လွင်ရယ် အိမ်မက်တွေဟာ လက်တွေအကောင်အထည်ဖော်နိုင်ဖို့ဆို စတေးရမှာတွေလည်းမနည်းဘူး ဘာပဲပြောပြော ငါပျော်ပါတယ် လွင်ရဲ့" နှစ်ယောက်သားရဲ့ သက်ပြင်းရှိုက်သံဟာ တပြိုင်တည်းလိုလိုထွက်ပေါ်လာတာကြောင့် သူတို့ကိုယ်တိုင်ပင် အကြည့်ချင်းဆုံသွားပြီး ရယ်မောမိလိုက်ကြသည်။ တဖြေးဖြေးသိပ်သည်းလာတဲ့ မိုးတိမ်စတွေကြောင့်နှစ်ယောက်သား မြက်ခင်းပြင်ပေါ်ကနေ တကာ ပြန်ရန်ပြင်ရတော့သည်။ ကျောင်းဆင်းချိန်ဆို ကွက်တိရွာတတ်သော မိုးကြောင့် သူတို့လိုပဲ အားလုံးဟာ ပြေးဟယ်လွှားဟယ်နဲ့ ဝရုန်းသုန်းကား။ ဒီလိုကြုံလေတိုင်း သူတို့နှစ်ယောက်ကတော့ ခေါင်းကို အိုင်လုပ်ကာ မိုးရေစက်တွေကြား စိမ်ပြေနပြေ လမ်းလျှောက်လေ့ရှိသည်။ မိုးရေထဲမှာ တစ်ယောက်လက် တစ်ယောက်တွဲကာ လျှောက်နေကြသော ကောင်မလေးနှစ်ယောက်ရဲ့ ရင်ထဲမှာ ထိုစဉ်ကတော့ အနာဂတ်ကို မကောင်းမမြင်တတ်သေး။ "နေခြည်" "အင်း လွင်ပြောလေ" "ငါ့ရဲ့ လက်ရှိ အိမ်မက်အသစ်ကို ပြောပြရမလား" ရုတ်တရက်စကားစလာသူကြောင့် နှစ်ယောက်သား ဆက်မလျှောက်ဖြစ်တော့ဘဲ မျက်နှာချင်းဆိုင်အနေအထားနဲ့ မတ်တပ်ရပ်နေမိလျှက်သား။ မိုးရေထဲမှာ မဟူရာရောင်မျက်ဝန်းပိုင်ရှင်နဲ့ ဟေဇယ်ရောင်မျက်ဝန်းပိုင်ရှင်တို့သည် အကြည့်မလွှဲမိ။ တစ်စုံတစ်ခုက သူတို့ကို ညှို့ယူဖမ်းစားထားသလို။ထိုအချိန် မိုးရေစိုမှာကြောက်သော ကျောင်းသားလေးတစ်ယော်ဟာ မတော်တဆ တိုက်မိသွားလေလျှင် မဟူရာရောင် မျက်ဝန်းပိုင်ရှင်မှာ ဟေဇယ်ရောင် မျက်ဝန်းရှင်၏ ရင်ခွင် အတွင်းသို့ အလိုက်သင့် ရောက်ရှိလို့သွားသည်။ ဆီးကြိုပွေ့ဖက်လိုက်သော လက်မောင်းတစ်စုံနှင့်အတူ မိုးကောင်းကင်က လျှပ်စီးသည်လည်း တပြိုင်နက်တည်း.... "ကိုယ့်အိမ်မက်က အိမ်ကလေးတစ်လုံးပိုင်ဆိုင်ဖို့ပါ နေခြည် ရိုးရိုးရှင်းရှင်းအိမ်ကလေးမှာ လာဗန်ဒါရနံ့တွေ ထာဝစဉ်သင်းနေစေရမယ် ဖြစ်နိုင်တယ်မဟုတ်လား နေခြည် ဖြေပေးပါဦး" မိုးဦးလေဦးမှာ ဖြစ်တည်ခဲ့သော ပုံရိပ်လွှာများသည် နှစ်ပေါင်းများစွာရဲ့ အလွန်မှာ တဖန်ထင်ဟပ်လာလေပြီ။ အိမ်မက်တွေသည် အိမ်မက်အဖြစ်သာ ရှိနေသေးသည်မို့ ကာယကံရှင်တွေဟာ ဘယ်လောက်တောင် သူတို့ရဲ့ စိတ်ဝိဉာည်တွေကို ရင်းနှီးမြှုပ်နှံခဲ့မလဲဆိုတာ .....ချင်းချင်းနီနေတဲ့ သွေးတွေက သက်သေခံနေလေရဲ့။ မျက်ရည်တွေနဲ့ ကောင်မလေးဟာ သွေးနီရောင်လွှမ်းနေသည့် ကောင်မလေးကို ပွေ့ဖက်ရင်း ......လွင်ရယ် လာဗန်ဒါရနံ့သင်းတဲ့ အိမ်လေးတလုံးကို လိုချင်ရုံနဲ့ မင်းဘဝကို ဘာကြောင့်စတေးရတာလဲ တကယ်ဆိုရင် မင်းရှိနေတဲ့ ဘယ်နေရာမဆို လာဗန်ဒါတွေ မွှေးပျံ့နေမှာကို အဲ့ဒီခံစားချက်....လွန်ခဲ့တဲ့ နှစ်တုန်းက ကြုံတွေ့ဖူးခဲ့တဲ့ ခံစားချက်ကို နေခြည်ထပ်တူ ပြန်ကြုံတွေနေရလေသည်။ မေမေဆုံးတုန်းက ဆေးရုံမှာ ရှိနေစဉ်တုန်းကလိုပဲ သူခံစားရသည်။ တလောကလုံးပြိုကျပျက်စီးသွားသလို။ ငိုကြွေးခြင်းကလွဲလို့ ဘယ်အရာမှ မကျန်တော့သလို။ တစ်ယောက်တည်း လောကကြီးမှာ ကျန်နေခဲ့ရသလို ခံစားချက်။ ကူကယ်ရာမဲ့နေသလိုမျိုး။ "လူနာရှင် လူနာကို လွှတ်လိုက်ပါ သွေးထွက်လွန်နေလို့ အမြန်ခွဲခန်းထဲပို့ရပါမယ်နော်" "ဟင့်အင်း မလုပ်ပါနဲ့ လွင့်ကိုခေါ်မသွားပါနဲ့ ခေါ်မသွားကြပါနဲ့" ဆောက်တည်ရာမရတဲ့စိတ်အစုံဟာ အမှားအမှန်ကိုမခွဲခြားနိုင်တော့။ သူသိတာ အခုချိန်မှာ လွင့်ကို မျက်စိအောက်က အပျောက်မခံနိုင်ဘူး။ လွင့်ကို မေမေလို အဖြစ်မခံနိုင်ဘူး။ အဲ့ဒီအခန်းထဲကို ခေါ်သွားကြလို့ လွင် သူ့ဆီပြန်ရောက်မလာတော့ရင်ဘယ်လိုလုပ်မလဲ။ "မခေါ်သွားကြပါနဲ့ လွင့်ကို မခေါ်သွားပါနဲ့လို့ အဟင့် အဟင့် လွင်ရေ ထပါဦး ငါကြောက်တယ် ငါကြောက်တယ်လို့ ငါ့ကို စကားပြန်ပြောပါဦး" မေမေ့တုန်းက နေခြည့်ဘေးမှာ လွင်ရှိသေးတယ်။ အခုကျတော့ ...အခုကျတော့ရော။ တလောကလုံးမှာ နေခြည်မှီခိုရာ လူသားက လွင်တစ်ယောက်ပဲရှိတော့တာလေ။ အဲ့ဒီ တစ်ဦးတည်းသော လူသားသာ မရှိရင် နေခြည်ဆိုတာလည်း အဓိပ္ပါယ်ရှိတော့မှာ မဟုတ်ဘူး။ တစ်ဦးတည်းသော ထိုလူသားကို ဆုံးရှုံးရမှာ နေခြည် ကြောက်ပါသည်။ လူနာတင်ကုတင်ပေါ်မှာ ရင်ဘတ်ကို ထုတ်ချင်းပေါက်သွားတဲ့ ကျဉ်ဆန်ကြောင့် သွေးချင်းချင်းနီနေတဲ့ လွင့်ကို ဆွဲဖက်ထားရင်း နေခြည်တစ်ယောက်လဲ သွေးရူးသွေးတန်း။ နောက်ဆုံးတော့ သူနာပြုတွေ ဆရာဝန်တွေက သူ့ကို ချုပ်ထားပြီး လွင့်ကို ခွဲစိတ်ခန်းထဲ အတင်း ထည့်လိုက်ရသည်။ ခွဲခန်းတံခါးကို လက်နှင့် ထုရိုက်ရင်း ဝင်ခွင့်ရဖို့ ကြိုးစားနေသူကို မြင်ရတဲ့ လူအားလုံးဟာ ဂရုဏာသက်သလို ကြည့်ရုံကလွဲလို့ ဘာမှ မတတ်နိုင်။ "ကလေး မင်းလည်းဒါဏ်ရာရထားသေးလား ဆရာမကြီးကြည့်ပေးမယ်လေ" ကြမ်းပြင်ပေါ်ကို လဲကျသွားတဲ့ သူ့အနားကို ရောက်လာပြီးမေးသည်က လူမည်းအမျိုးသမီးသူနာပြုတစ်ယောက်။ ကြင်နာတဲ့ မျက်ဝန်းတွေနဲ့ နေခြည့်ပခုံးကို ဖက်ပြီး မေးလာသည်။ "သူ့ကို ကယ်ပေးပါနော်" သူနာပြုဆရာမကြီးရဲ့ လက်ဖောင်းဖောင်းတုတ်တုတ်လေးများကို ပြန်လည်ဆုပ်ကိုင်ရင်း နေခြည် အသနားခံလိုက်မိသည်။ "သေချာတာပေါ့ စိတ်မပူနဲ့နော် ဆရာမနဲ့အတူ ဒီခုံတန်းမှာထိုင်ပြီး မင်းသူငယ်ချင်းကို စောင့်ကြမယ်နော် ဟုတ်ပြီလား" ပြောလည်းပြော နေခြည့်ကိုလည်းတွဲထူကာ ခုံပေါ်မှာ ထိုင်စေတဲ့ ဆရာမကြီးသည် ဘေးနားက သူနာပြုအကူလေးကို မျက်ရိပ်ပြလိုက်သည်။ နေခြည့်မျက်နှာနှင့် ခန္ဓာကိုယ်မှာ ပေနေသည့် သွေးတွေကလည်းမနည်း။ သန့်ရှင်းရေးလုပ်ပေးရင်းမှ ထိခိုက်ဒါဏ်ရာ ရှိမှရှိကို စစ်ဆေးပေးနေသည့် သူနာပြုဆရာမကြီးရဲ့လက်ထဲမှာ နေခြည်ငြိမ်နေလိုက်မိသည်။ "သူငယ်ချင်းမဟုတ်ဘူး" "ဟင် ကလေးဘာပြောလိုက်တာလဲ"အပြာရောင် အနီရောင်နှင့် အဝါရောင် မျဉ်းကြောင်းများရေးဆွဲထားသော ဆေးရုံ ကြမ်းပြင်ကို စိုက်ကြည့်နေရင်းမှ နေခြည် တိုးတိုးလေးပြောမိသည်။ "သူက သူငယ်ချင်းမဟုတ်ဘူး ..... သမီးရဲ့ တစ်ဦးတည်းသော ချစ်သူပါ" ကရုဏာ သက်သွားသော သူနာပြုဆရာမကြီးသည် နေခြည့်ကို ရင်ခွင်ထဲ ထည့်ပြီး ဆွဲဖက်လိုက်လေသည်။ သူ့ရင်ခွင်ထဲ ရောက်မှ တအိအိ ထငိုပြန်သော ကောင်မလေးကို ချော့ဖို့ရာလည်း စကားတွေ ပျောက်ရှနေပြန်တော့ ဆရာမကြီးမှာ မျက်ရည်လည်ရုံမှ အပ မတတ်နိုင်။ ခြောက်နာရီမျှကြာသော အကြီးစားခွဲစိတ်မှုအပြီးမှာ အသက်အန္တာယ်ကျော်လွှားသွားနိုင်ပါပြီဆိုတဲ့ ဆရာဝန်ရဲ့စကားကို ကြားမှ နေခြည် အသက်ရှုဝတော့သည်။ နှလုံးသွေးကို ရှပ်ထိသွားတာကြောင့် ကံကောင်းလို့ အသက်ရှင်နိုင်တာဟု မှတ်ချက်ပေးသည့် ဆရာဝန်တွေရဲ့ စကားအဆုံးမှာ နေခြည့်ရင်ထဲ တင်းကျပ်သွားရသည်။ အဲ့တာ သူဖြစ်ရမှာ။ သူ့ကိုသာ လွင် မကာကွယ်ပေးခဲ့ရင် .... လွင်သာ သူ့ကို မကယ်ခဲ့ရင် ဆက်တောင်မတွေးရဲတော့။ နေခြည်သေမှာကို မကြောက်ပါဘူး။ နိုင်ငံရေးသမားဖေဖေ အမြဲဆုံးမ နေကျစကားရှိတယ်။ သေမှာကို မကြောက်နဲ့ လောကကြီးမှာ ရှင်သန်ချင်စိတ်ပျောက်လာမှာကိုပဲကြောက်တဲ့။ သူ့ကြောင့် ဖြစ်ခဲ့တဲ့ ကိစ္စမှာ လွင်သာ တစ်ခုခုမှားယွင်းသွားရင် ..... နေခြည်တစ်သက်လုံး စိတ်မလုံဘဲ နေသွားရတော့မှာ။ အဲ့ဒီ အပြစ်ထက် လွင်မရှိတဲ့ ကမ္ဘာမှာ သူတစ်ယောက်တည်း ကျန်ခဲ့မှာကို ပိုကြောက်ပါသည်။ အသက်ရှူပိုက်တွေ နှလုံးနှိုးစက်တွေအပြည့်နဲ့ ဆေးရုံကုတင်ပေါ်မှာ ရှိနေတဲ့ လွင့်ပုံရိပ်ဟာ နေခြည့်ကမ္ဘာမှာ နောက်ထပ်ခြောက်လန့်နေမယ့် အိမ်မက်ဆိုးတွေဖြစ်ဦးမှာ အသေအချာ။ လူနာအချက်အလက်တွေဖြည့်ပြီးတဲ့အချိန် ဆယ်မိနစ်လောက်ကြာတော့ နေခြည့်ထံသို့ လူတစ်ယောက် အရေးတကြီးပုံစံနဲ့ ရောက်လာသည်။ "ငါ့နာမည်က ဒေဗ့်ပါ ...အလွတ်တမ်းစုံထောက်တစ်ယောက် ...ဘာဖြစ်ခဲ့တယ်ဆိုတာ အခုမှ သိရတာ သိသိချင်းပဲ ပြေးလာခဲ့တာ သူဘယ်လိုနေသေးလဲ" ရှင်းပြနေရင်းမှ လွင်လဲလျောင်းနေရာ ကုတင် ဘက်သို့လှည့်ကာမေးသည်။ နေခြည်တစ်ခါမှ မမြင်ဘူးပေမယ့် အဲ့ဒီလူက သူမကို ရင်းနှီးနေသည့် အမူအယာရှိသည်။ "စိုးရိမ်ရတဲ့ အခြေအနေတော့ ကျော်လွှားသွားပါပြီ" "အင်း တော်သေးတာပေါ့ မင်းဘာမှ မဖြစ်တာ ....မင်းသာ တစ်ခုခုဖြစ်လို့ကတော့ သူ့ရင်ဘတ်သေနတ်နဲ့ အပစ်ခံရတာထက် ပိုနာနေမှာသေချာတယ် အက်သီနာက မင်းကို သိပ်ချစ်တာ" နေခြည် နားမလည်တာတွေများနေပြီ။ ထို့ကြောင့်...."အက်သီနာဆိုတာ ဘယ်သူလဲ" နေခြည့်စကားကြောင့် စုံထောက်မျက်နှာ တခဏလောက်အေးခဲသွားသည်။ ဖြူဖျော့စွာ လှဲလျောင်းနေသည့် လွင့်ကို တလှည့် နေခြည့်ကို တလှည့်ကြည့်ပြီးမှ ....."သူ့ကို အက်သီနာလို့ ခေါ်တာပါ ထားတော့ မင်းတစ်ခုခုသွားစားပါလား ငါသူ့ကို စောင့်ပေးမယ်လေ ငါ့ကို စိတ်ချလို့ရပါတယ် သူက ငါ့မိတ်ဆွေအရင်းပါ" "သူက ရှင့်အကြောင်းတွေ မပြောဘူးဖူး ရှင့်တာဝန်က ဘာလဲဟင်" ကိုကိုကြီးနဲ့ အဖေ့ဆီက ကြားဖူးထားတဲ့ သင်ယူဖူးထားတဲ့ အခြေအနေတွေကြောင့် နေခြည့်မှာလဲ ပါးနပ်တဲ့ စုံစမ်းရေးဉာည်လေးရှိပါတယ်။ "အာ အဲ့တာက မင်းကို စောင့်ရှောက်ဖို့ပါ တကယ်တော့ မင်းသာ မသိတာ မင်းအနားမှာ ငါ့ကို အမြဲထားတာတာ အက်သီနာက ဂိုဏ်းကိစ္စတွေနဲ့ မအားတဲ့ အခါ ငါက မင်းအကြောင်းအစီရင်ခံရတယ်လေ" "အော် ကျွန်မက အဲ့ဒီလူကို ကိုကိုကြီးတို့က လွှတ်ထားတယ်ပဲ ထင်တာ လက်စသတ်တော့ လွင်...အက်သီနာ လုပ်ပေးတာလား" "ဒါပေါ့ သူက မင်းအတွက်သိပ်တွေးပေးတာ တချို့ကိစ္စတွေဆို ပိုလွန်းလို့ မင်းကိုကိုကြီးတို့ကတောင် တားယူရတယ်""အဟင်း ဟုတ်လား ကျွန်မအစ်ကိုနဲ့ လွင် ဆောရီး အက်သီနာကရော ဆက်ဆံရေးဘယ်လိုရှိလဲ ရှင့်အမြင်အရ ပြောကြည့်ပါဦး ကျွန်မက ဒီတိုင်းသိချင်လို့ပါ သူတို့တွေ တည့်ရဲ့လား" "အိုး မင်းစိတ်ပူမနေနဲ့ သူတို့ အဆင်ပြေပါတယ် မင်းကိုကိုကြီးက အက်သီနာ့ကို မင်းနဲ့ သဘောတူတယ်လို့ တခါက သူ ငါ့ကို ပြောဖူးတယ်" "အော် အော် အဲ့လိုလား သိပ်ကောင်းတာပေါ့ ...ဟင်း ဟင်း ကျွန်မသန့်စင်ခန်းသွားမို့ သူ့ကို ကြည့်ပေးပါဦးနော်" လူနာခန်းထဲကနေ ပြေးထွက်လာခဲ့တဲ့ နေခြည့်ဟာ လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်လို့ အံကို ကြိတ်ထားခဲ့တယ်။ ပြတ်ထွက်လုမတတ်ကိုက်ထားမိတဲ့ အောက်နှုတ်ခမ်းဟာလည်း သွေးတစက်စက်ကျလို့။ ဦးတည်ရာက သန့်စင်ခန်းမဟုတ်ဘဲ လူမရှိတဲ့ ခန်းမကျယ်တစ်နေရာဆီသို့။ ဆက်တိုက်ကျနေတဲ့ မျက်ရည်တွေကို သုတ်လိုက်ပြီးနောက် ခေါ်ဆိုလိုက်သည်က မြန်မာပြည်က ဖုန်းနံပါတ်တစ်ခု။ "ဟလို ငယ်လေး နေကောင်းလား" "ကိုကိုကြီး" "အင်း ငယ်လေး ပြောလေ ဘာဖြစ်လို့လဲ အသံကတစ်မျိုးပဲ လွင်ရော ဘယ်ရောက်နေလဲ အတူရှိတယ်မလား""မရှိဘူး ...ဒီမှာ နေခြည်သိတဲ့ လွင်...လွင်ဆိုတာမရှိဘူး" "ငယ်လေး ဘာဖြစ်လို့လဲ" "အခုငယ်လေးနဲ့ အတူရှိနေတာ လွင် မဟုတ်ဘူး ...အက်သီနာတဲ့ ကိုကိုကြီးနဲ့ အမတ်မင်းရဲ့ မိတ်ဆွေတဲ့ ဟား ဟား ဟား လွင် မဟုတ်ဘူး နေခြည့်ရဲ့ လွင် မဟုတ်ဘူး" "ငယ်လေး ကိုကိုကြီးပြောတာ နားထောင်ပါဦး" "ဘယ်သူလဲ ခွင့်မလွှတ်ဘူးနော် အမတ်မင်းလား ကိုကိုကြီးလား နေခြည့်ရဲ့ လွင်ကို ပျောက်ကွယ်သွားအောင် လုပ်တဲ့ ဘယ်သူ့ကိုမဆို ခွင့်မလွှတ်ဘူးနော်"တတိုင်းမွှေး (22/1/23)................................................................
VOCÊ ESTÁ LENDO
ရွှေချည်ကြိုးဆွဲရာ(GL)
Ficção Adolescenteဘဝဇာတ်ခုံမှာ မေတ္တာရွှေခြည်ကြိုးဆွဲရာ အသုံးတော်ခံမယ် .....ပဲ့ကိုင်ရှင်က မင်းဖြစ်ပါစေ