အခန်း၂၆၄။ အတူရှိနေပေးမယ်
သူမမိဘများ မရှိတော့သည်နှင့် ချူမိသားစုက ပျက်စီးသွားမည်ဖြစ်သည်။ သူမ ချူမိသားစုမှ လေးစားရသည့်လေဒီအဖြစ်မှ မည်သူကမှ အနားမကပ်မည့်လမ်းဘေးကလူ ဖြစ်တော့မည်။
သူမတွင် မိသားစုနောက်ခံမရှိပါက သူမကဘာမှမဟုတ်ချေ။
သူမ မုပိုင်ကို လက်ထပ်ရမည့်အခွင့်အရေးကိုသာမက သူမ၏ တစ်သက်တာအိမ်မက်ကိုလည်း လွတ်သွား၏။ သူမ အဆုံးသတ်က လွန်စွာဆိုးရွားသွားလိမ့်မည်။
ထျန်းရှင်းက ငယ်စဉ်ကတည်းက ချမ်းသာစွာနေလာခဲ့ရသည်။ သူမကိုယ်သူမ ထိုအခြေအနေသို့ ရောက်ခွင့်မပြုနိုင်ပေ။
ရှင်းဟယ်က သူမနဂိုပိုင်ဆိုင်ရမည့်နေရာ ထိပ်ဆုံးနေရာကို ယူသွားပြီး သူမက အနိမ့်ကျဆုံး ဖြစ်သွားတော့မည့်အတွေးက သူမကို လုံးဝမကျေမနပ်ဖြစ်စေသည်။
သူမ လက်မခံနိုင်၊ မဟုတ်သေးပေ၊ လုံးဝလက်မခံမည်မဟုတ်။
သူမ ဆင်းရဲသွားရမှာထက် သေပဲသေလိုက်မည်။
သူမဘဝတွင် အလိုချင်ဆုံး တစ်ခုတည်းသောဖြစ်သည့်မုပ်ိုင်နှင့်လက်ထပ်ပြီး စည်းစိမ်အပြည့် နေရမည့်ဘဝကို သူမ လုယူသွားမှာကို ထိုင်မကြည့်နိုင်ဘူး။
တကယ်လို့ သူမသာ မရနိုင်ဘူးဆိုရင် ဘယ်သူမှမရနိုင်ဘူး။ အထူးသဖြင့်ရှရှင်းဟယ်ပေါ့။
ထျန်းရှင်းက သူမအိမ်ထဲသို့ ပြေးဝင်သွားသည့်အခါ မျက်လုံးများက အရူးမီတောက်နေသည်။
“ချက်ချင်းရှောင်လိုက်” ဟု မုပိုင်က ရှင်းဟယ်၏ ဝှီးချဲလ်ကိုတွန်းလိုက်ပြီး
အမိန့်ပေးလိုက်သည်။
ရှင်းဟယ် သူမဝှီးချဲလ်ကို ဆုတ်ကိုင်ထားပြီး မရွေ့အောင်လုပ်လိုက်သည်။
“မလုပ်နဲ့ဦး”
“ငါတို့ အခုထွက်သွားမှဖြစ်မယ်၊ ဒါအရမ်းအန္တရာယ်များတယ်” ဟု မုပိုင်က ပြန်မချေပနိုင်အောင် ပြောလိုက် သည်။ရှင်းဟယ် ချူအိမ်၏ဧည့်ခန်းထဲဝင်သည့်အပေါက်ကို စိုက်ကြည့်လိုက်ပြီး
ရေးရေးလေး ပြုံးကာ “အန္တရာယ်မရှိတဲ့ စွန့်စားမှုဆိုတာမရှိဘူး၊ ပြီးတော့ အကြီးစားစွန့်စားမှုကလည်း ဆုအကြီးကြီးနဲ့လာတာ။ သူမကို ဒီနေ့ည အပြီးချေမှုန်းလိုက်မှဖြစ်မယ်၊ အဲတော့ စွန့်စားဖို့အသင့်ပဲ” ဟုပြောလိုက်သည်။
“အဲလိုဆိုရင်တောင် စွန့်စားဖို့ မင်းကိုယ်တိုင် ဒီမှာရှိနေစရာမလိုဘူးလေ” ဟုမုပိုင်က ဒေါသတကြီး ပြောလိုက်သည်။
ရှင်းဟယ်က သူ့ကို ကြည်လင်နေသော မျက်ဝန်းတစ်စုံဖြင့် လှည့်ကြည့်လိုက်သည်။
“ဒါပေမဲ့ သူသတ်ချင်နေတဲ့သူက ကျွန်မ”
သူပြောတာမှန်သည်၊ ထျန်းရှင်း၏ ပစ်မှတ်က ရှင်းဟယ်။ အကယ်၍ သူမ ထွက်သွားပါက ထျန်းရှင်းက တိုက်ခိုက်ရန် အကြောင်းရင်းမရှိတော့ချေ။
အဲလိုသာဆို ရှင်းဟယ်က သူမကို ဘယ်လိုထောင်ဖမ်းလို့ရပါတော့မလဲ။
“ကိုယ်မင်းအတွက် သူ့ကိုသတ်ပေးလို့ရတယ်” မုပိုင် ရှင်းဟယ်ရှေ့
ထိုင်ချလိုက်ပြီး မျက်ဝန်းထဲသို့ တည့်တည့်ကြည့်လာသည်။
“မင်း ဒီလို စွန့်စားစရာမလိုဘူး”
ရှင်းဟယ် သူ့မျက်ဝန်းနက်ကို စိုက်ကြည့်ပြီး သူမမျက်ဆံက အမှတ်မထင် လှုပ်သွားသည်။
“ကျွန်မက သတ်ရတာမကြိုက်ဘူး၊ ဗျူဟာဆွဲရတာပဲကြိုက်တယ်”
ရှင်းဟယ် ရန်သူနှင့် တိုက်ခိုက်သောအခါ မလိုအပ်ဘဲ သူမလက်သွေးစွန်းရသည်ကို မကြိုက်ချေ။ မတန်ချေ။
လူသတ်မှုနှင့် ငြိစွန်းပြီး ခဏတာ စိတ်ကျေနပ်မှုအတွက် တစ်ဘဝလုံး အကြွေးပြန်ပေးဆပ်နေရမည်။ ၎င်းက မတန်ပေ။
ထို့ကြောင့် ရှင်းဟယ်က သူမရန်သူများကို သူမထောင်ချောက်ထဲသို့ ဖြစ်စေ၊ သူတို့ထောင်ချောက်ထဲသို့ပဲ ဖြစ်စေ ပြန်ကျသွားအောင် လုပ်ရတာကိုသာ ကြိုက်လေသည်။
အကယ်၍ မုပိုင်က သူမအတွက် လုပ်ပေးရန် တောင်းဆိုလာလျှင်တောင် မတန်သဖြင့် သူမ ငြင်းလိမ့်မည်။ သူမပြဿနာအတွက် သူက သူ့တစ်ဘဝလုံး ပေးဆပ်နေရမှာလဲ။ သူ့အပေါ်၌ သူမ အကြွေးမတင်ချင်ပေ။ သူမ ချူထျန်းရှင်းကို သူမဆန္ဒအရ သူမအပြစ်ကိုပြန်ပေးဆပ်စေချင်သည်၊
သို့သော် ရှင်းဟယ်၏သတ်မှတ်ချက်များအရဖြစ်ရမည်။
ထို့ကြောင့် ထိုစွန့်စားမှု…သူမလုပ်ကိုလုပ်ရပေလိမ့်မည်။
မုပိုင် သူမအတွေးကို သိလိုက်ပြီး ခေါင်းညိတ်လာသည်။
“အဲလိုဆိုမှတော့လည်း ကိုယ်မင်းနဲ့ ဒီမှာ အတူနေပေးမယ်”
သူမလက်ကို သူလှမ်းကိုင်လိုက်ပြီး တင်းတင်းဆုပ်ထားလိုက်သည်။
ရှင်းဟယ် သူမလက်ကို အကိုင်ခံလိုက်ရသည်ကို ခံစားမိ၍ သူ့မျက်လုံးများကို လှမ်းကြည့်လိုက်မိသည်။ ထိုအခိုက်၌ မုပိုင်က သူမဆီ ကိုင်းလာ၏…
ထိုစဉ် ထျန်းရှင်း ပြန်ပြေးထွက်လာ၍ သူမမြင်လိုက်ရသည့်မြင်ကွင်းကြောင့် သွေးရူးသွေးတန်း အော်တော့သည်။
“ငါနင်တို့နှစ်ယောက်လုံးကို သတ်ပစ်မယ်”
သူမ ပစ္စတိုသေနတ်ကို မြှောက်လိုက်ပြီး သူတို့ဆီသို့ ပစ်လိုက်သည်။
တိတ်ဆိတ်နေသော ညအချိန်ဖြစ်နေ၍ သေနတ်သံက ဟိန်းထွက်သွားသည်။ ရှင်းဟယ်သည် ထိတ်လန့်မှုကြောင့် မျက်လုံးပြူးသွားပြီး မုပိုင်ကို ကြိုးစားတွန်းလိုက်သည်။ သို့သော် မုပိုင်က သူမကို မြန်မြန်လှမ်းဆွဲလိုက်ပြီး သူမကိုဖက်ကာ ဘေးကင်းရာသို့ လှိမ့်ချလိုက်သည်။
သက်တော်စောင့်များက သေနတ်များကို အမြန် ထုတ်ကာ ထျန်းရှင်းကိုပစ်လေသည်။
ကျည်တစ်တောင့်က ထျန်းရှင်း၏ပစ္စတိုကို ထိသွားပြီး သူမလက်မှ ပြုတ်ကျသွား၏။
“သူမကို ချုပ်ထားလိုက်” သက်တော်စောင့်ထွားထွားကြီးက အော်လိုက်သောအခါ အခြားသူများက ထျန်းရှင်းပေါ်သို့ ခုန်အုပ်လိုက်ကြသည်။
ထျန်းရှင်း သူမလက်ထဲမှလွတ်ကျသွားသော ပစ်စတိုရှိရာသို့ ကြိုးစားပမ်းစား တွားသွားလိုက်သည်။
သူမမျက်လုံးများမှာ မနာလိုမှု၊ ရူးသွပ်မှုတို့ပြင်းပြနေသည်။ ရူးသွပ်မှုကြောင့် သူမနှုတ်ခမ်းမှာ ရုပ်ဆိုးအကြည်းတန်သော ဟက်တက်ကွဲရာဖြစ်သွားတော့သည်။
...
YOU ARE READING
ဝေးလွင့်ပြီးသော အတိတ် (၂)
Romanceကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...