အခန်း (၅) - မေ

22 3 0
                                    

အမှိုက်သရိုက်အတွေး တစ်ခုကို ဖိအားပေး နှင်ထုတ် မေ့ပစ်ဖို့ဟာ မလွယ်ကူသလို၊
အလှပဆုံးအရာတွေကလည်း ကြိုးစားပြီး ဖမ်းယူသိမ်းဆည်းထားလိုက်ဖို့ မဖြစ်နိုင်တဲ့အကြောင်း-အိပ်ပျော်နေတဲ့ မေ့ကို ထိုင်ကြည့်ရင်း အင်ဂရစ်(ဒ်) တွေးတယ်။

ဒါပေတဲ့၊
အလှပဆုံးအရာတွေဟာ ထာဝရ အထိအခိုက်မဲ့ တည်မြဲကျန်ရစ်နေမယ့် အမှန်တရားတွေဖြစ်ပြီး၊
အဆိုးအရွားတွေကတော့ အချိန်စက်ဝိုင်းထဲမှာ အလေးချိန်မရှိတဲ့ အကြောင်းလည်း
အင်ဂရစ်(ဒ်) နားလည်ထားနှင့်ပါရဲ့။

အိမ်ကို လှည့်ကြည့်မိသူလို
မေ့ကိုငေးမောနေတဲ့ အင်ဂရစ်(ဒ်)ဟာ
ခါးကို အသာ ယိမ်းညွတ်ပြီး မေ့ရဲ့နဖူးပြင်ကို သူမ နှုတ်ခမ်းတွေနဲ့ထိတွေ့ရုံကလေး အနမ်းဖွဖွ ပေးလိုက်တယ်။ နောက်၊ ထိုင်ရာက ထလိုက်ပြီး နံဘေး စာကြည့်စားပွဲပေါ်မှာရှိတဲ့ အိုရီဂါမီ စက္ကူလိပ်ပြာရုပ်လေးတွေထဲက တစ်ခုကို ယူလို့ ကုတင်ခြေရင်းက သူမ ကျောပိုးအိတ်ထဲ
အင်ဂရစ်(ဒ်) သွားရောက်သိမ်းဆည်းလိုက်တယ်။
အိတ်ထဲက ပစ္စည်းတစ်ခုခုကို ထုတ်ယူပြီးတော့လည်း စားပွဲပေါ် တင်ထားခဲ့လိုက်သေးတယ်။

အင်ဂရစ်(ဒ်)ဟာ မေ့ကို နောက်ဆုံးအကြိမ်အဖြစ် ခဏ ထပ်ပြီး ငေးမောကြည့်နေမိပြန်တယ်။

အင်ဂရစ်(ဒ်)ဟာ
သည် အင်ဂရစ်(ဒ်)ရဲ့ကိုယ်မှာ သူမ
ပျော်ဝင်ကူးပြောင်းမှု မတိုင်ခင် လွန်ခဲ့တဲ့ နှစ်ပေါင်း(၃၀)က ရှင်သန်ဖြစ်ရှိခဲ့ရတဲ့ မိန်းကလေးတစ်ဦးရဲ့ဘဝ နောက်ဆုံးအချိန်ကို ပြန်လည် ခံစားလိုက်ရတယ်။ အဲဒီ မိန်းကလေးဟာ အခြား အမျိုးသမီးတစ်ယောက်ကို ငေးကြည့်နေတဲ့ မြင်ကွင်းအတိုင်း လက်ရှိမှာ အင်ဂရစ်(ဒ်) မေ့ကို ငေးကြည့်နေမိတာပါပဲ။ အင်ဂရစ်(ဒ်) ယုံကြည်ကိုးကွယ်ရတဲ့ အခြားဘဝက အဲဒီ အမျိုးသမီးရဲ့ အနှိုင်းမဲ့ စိတ်ဝိညာဉ္ ဘုရားကျောင်းတော်ကို လက်ခံဖို့အတွက် အချိန်ကျရောက်တဲ့အခါ
မေဟာ မကြာခင် အသင့်ဖြစ်လာတော့မယ်လေ။

-

အခန်းထဲက ထွက်လာတဲ့ အင်ဂရစ်(ဒ်)က လက်ကိုင်ကနေ ဆွဲ မ ထားတဲ့ ကျောပိုးအိတ်ကို နောက်ကျောဘက် ယူပြီး ဝတ်ဆင်လိုက်တယ်။

ကလေးငယ်တစ်ယောက်ရဲ့ရင်ခုန်မှုဆန်ဆန် ပေါ့ပါးသန့်စင်တဲ့ ခြေလှမ်းတွေနဲ့ သူမရဲ့မျက်ဝန်းတွေမှာက သက်ကြားအိုတစ်ယောက်ရဲ့မျက်နှာမှာ ရှာဖွေတွေ့ရှိနိုင်တဲ့ သိတတ်နားလည်မှုမျိုးတွေ ရှိတယ်။

သူမဟာ မေတို့ အိမ် အပေါ်ဆုံးထပ်ရှိရာကို
ဦးတည် လျှောက်လှမ်းလာခဲ့ပြီး၊ အပေါ်ဆုံးထပ် တံခါးကို တွန်းဖွင့် ဝင်ရောက်သွားချိန်မှာတော့ မျှော်လင့်တကြီး နှုတ်ဆက်ကြိုဆိုနေကြတဲ့ လူတွေ (၁၀)ယောက်ကို 4 AM ကောင်းကင်နောက်ခံနဲ့ လသာဆောင် ကွင်းပြင်မှာ တွေ့လိုက်ရတယ်။

"ဆောင်းခိုချိန် ပြီးမြောက်တော့မှာပါ ...
ဖီလီယာ အချိန်မရွေး ပြန်ရောက်လာတော့မယ်" လို့ အင်ဂရစ်(ဒ်)က
အဲဒီလူတွေကို ပြောလိုက်တယ်။

အမျိုးသမီး (၅)ဦး၊ အမျိုးသား (၅)ဦး ပါဝင်တဲ့ လူ(၁၀)ယောက်ဟာ သက်ပြင်းကိုယ်စီကို ကျေကျေနပ်နပ် ချပြီးတော့ လှုပ်ရှားပျော်ရွှင်သွားကြတဲ့ တစ်ယောက်မျက်နှာကိုတစ်ယောက် ကြည့်ရင်း အချင်းချင်း စကားတွေ တီးတိုး ပြောဆိုလျှက်ရှိကြတယ်။ အင်ဂရစ်(ဒ်)ဟာ သူမ ခြေလှမ်းတွေနဲ့အတူ စက်ဝိုင်းလို-လက်မောင်းချင်းယှက် ခေါင်းချင်းဆိုင်သွားတဲ့ လူတွေကြားထဲမှာ ရောထွေးစုစည်းဝင်သွားတယ်။

အရုဏ်ရောင်ခြည်ကျရောက်လာခဲ့ချိန်မှာတော့
သူတို့ဟာ မေ့ရဲ့အိမ် အပေါ်ဆုံးထပ်ကနေ
ဘယ်တုန်းကမှ တကယ် ရှိမနေခဲ့သလို
မနက်ခင်း လေပြေထဲကို ခြေရာလက်ရာမကျန် အလျှင်အမြန် ကွယ်ပျောက်သွားကြတော့တယ်။

-

မေ အိပ်ရာနိုးလာတော့ နံဘေးက စားပွဲပေါ်မှာ မေ့မျက်နှာကို လှမ်းကြည့်နေတယ်ထင်ရတဲ့သစ်သားလူရုပ်လေးတစ်ခု မက်တပ်ရပ်လျှက်သားရှိနေတာ မြင်လိုက်ရတယ်။

-

Ingrid Sleeps Over at MayWhere stories live. Discover now