တောင်ဂမုလေးပေါ်၌ ထိုင်၍ အရှေ့ရှိ တောင်တန်းတွေအား ငေးငေးမှိုင်မှိုင်ထိုင်ကြည့်နေသော ချာတိတ်က အပူအပင်ကင်းသည့်နှယ်။
"ချာတိတ်.."
ဘဒင်ခေါ်လိုက်တော့ ဘဒင်အား လှည့်ကြည့်ပြီး တောင်တန်းတွေစီသို့ အကြည့်ပြန်ပို့သည်။
"မျက်နှာလည်း မကောင်းပါလား.."
"ကျွန်တော့်ကိစ္စပါ..ခင်ဗျားအပူမဟုတ်ဘူး.."
ဘဒင်နားမလည်သလို ချာတိတ်အား ကြည့်မိသည်။မနေ့ကထိ ဆက်ဆံရေးက အဆင်ပြေနေသည်မဟုတ်လား..။ဒီနေ့ကျမှ ချက်ချင်းကြီး အပြောအဆိုတွေက ရင့်သီးနေသည်။
"ကိုယ့်အပူမဟုတ်ပေမဲ့ ကိုယ်သိချင်တယ်..ဘာဖြစ်နေတာလဲ.."
"ကျွန်တော့်ကို ဂရုမစိုက်ပဲ နေပေးလို့ မရဘူးလား..ကျွန်တော့်ကို ဒီတိုင်းပစ်ထားပေးလို့ မရဘူးလား..ခင်ဗျားကြောင့် ကျွန်တော့်ကို အထင်လွဲကုန်ကြပြီ.."
"ချာတိတ်ဘာတွေပြောနေတာလဲ..ချာတိတ်ပြောတာတွေ ကိုယ်တစ်ခုမှ နားမလည်ဘူး..ဘယ်သူတွေက အထင်လွဲတာလဲ.."
"ထားလိုက်တော့..ကျွန်တော်သွားတော့မယ်.."
"ချာတိတ်.."
ရင့်ရင့်သီးသီးဆက်ဆံနေသူကြောင့် ရင်ထဲမှ နာကျင်မှုက ပြောမပြတတ်အောင်။ပထမဆုံးချစ်မိခဲ့သူသည် ပိုင်ရှင်ရှိသူတစ်ယောက်။ပိုင်ရှင်ရှိသူဆိုတာကို နားလည်ပေမဲ့ နာကျင်လက်စနှင့် ရှေ့ဆက်တိုးခဲ့သည်။အချိန်ကြာလာရင် သံယောဇဥ်မှ တစ်ဆင့် ချစ်ခြင်းစီသို့ ပြောင်းလဲသွားမလားဆိုသည့်စိတ်က မျှော်လင့်ချက်တွေ တသီတတန်းကြီး ပေးခဲ့သည်။နောက်ဆုံးတော့ ပြန်ရလိုက်သည်က နာကျင်မှု။နောက်တစ်ခါ ထပ်မချစ်ရဲတော့လောက်အောင်အထိ နာကျင်ရသည်။
"ကိုယ့်ကို ဘာဖြစ်နေတာလဲဆိုတာ ပြောပြ.."
"ကျွန်တော့်လက်ကို လွှတ်ပေး.."
ဘဒင်မလွှတ်ပေးနိုင်ပါ။တကယ်လို့ လွှတ်ပေးလိုက်ရင် ချာတိတ်က အဝေးဆုံးကို ထွက်ပြေးသွားမှာပေါ့။ဆုပ်ကိုင်ထားသော လက်အား ပိုမိုတင်းကြပ်လိုက်သည်။