လင်းတောထဲက ပြန်ရောက်ကတည်းက အာကာမင်းမြတ်က လင်းအား ပျောက်ကွယ်သွားမှာ ဆိုးသည့်အလား..။အနားမှ မခွာ။
"အာကာမင်းမြတ်..ငါကျောင်းသွားရဦးမယ်..ဖယ်ဦး.."
"ကျုပ်လည်း လိုက်မှာ.."
"ငါဘယ်မှ မသွားပါဘူးကွာ."
"ကျုပ်ကိုလင်းကို အများကြီးလွမ်းနေတာဗျ.."
"ငါလည်း လွမ်းပါတယ်..ခုတော့ ဖယ်ဦး.."
လင်းလက်မောင်းအား ဖက်ကာ ဂျစ်တိုက်နေသူမှာ တကယ်ကလေးပင်။
လင်းပြောလိုက်တော့ လင်းလက်မောင်းအား လွှတ်ပေးကာ မျက်နှာငယ်လေးဖြင့် လင်းအား ကြည့်နေသည်။
"ကျုပ်ကျောင်းကို လိုက်ပို့မယ်..ညနေကျရင်လည်း လာကြိုမယ်.."
"သဘောပဲ.."
လင်းအဝတ်လဲနေရင်းပြန်ဖြေလိုက်တော့ သဘောတကျရယ်သည်။လင်းအကိုတောင်မှ အဲ့လောက်အဖြစ်မသည်း။သူက ဖြစ်နေတာ..။
"ဟဲ့..အဲ့ဆရာကလေ ဘဒင်တို့နဲ့ တစ်ဖွဲ့တည်းဆိုပဲ..ကျုပ်သားပြန်လာတော့ ပြောပြတာ.."
"ဟုတ်လို့လားအေ..ညည်းသတင်းကလည်း.."
"အိုတော်..ဟုတ်ပါတယ်ဆို..ညည်းမယုံရင် ကျုပ်သားကို သွားမေးကြည့်..ဘဒင်ခေါ်သွားတဲ့ ကောင်လေးတွေမှန်သမျှ အကုန်သိတယ်.."
လင်းနှင့်အာကာမင်းမြတ်တို့ လမ်းလျှောက်လာရင်း ရွာထဲမှ အမျိုးသမီးကြီးနှစ်ယောက် ပြောနေသည်ကို နားနှင့်ဆက်ဆက်ကြားနေရသည်။လင်းလက်အား အာကာမင်းမြတ်က ဆုပ်ကိုင်၍
"ဒီမယ်ကြီးတော်တို့..မဟုတ်တာတွေကို ပြောနေမဲ့အစား ဘုရားကိုသာ သွားပြီး ဦးချနေလိုက်ပါ..အနည်းဆုံးတော့ ကုသိုလ်ရတာပေါ့.."
အာကာမင်းမြတ်က ပြောလိုက်တော့ အရှေ့မှ အဒေါ်ကြီးနှစ်ယောက်က ရှူးရှူးရှားရှားဖြစ်လာကာ
"ဟဲ့အာသီး..နင်ကဘာသိလို့လဲ..နင်မှ အဲ့အဖွဲ့ထဲ မပါသွားတာ..အေးပေါ့..နင်က သူ့လင်ဆိုတော့လည်း ကာကွယ်ပေးမှာပေါ့.."
"ကြီးတော်..အသက်ကြီးပြီး အချိန်မစီးမလုပ်ပါနဲ့..ဘယ်နှယ့်..စကားပြောတာကလည်း ရိုင်းလိုက်တာ.."