ဖြည်းဖြည်းနှင့်မှန်မှန်ရွေ့လျားနေသည့် စက်ဘီးလေးတစ်စီးဟာ အနည်းငယ်မတ်စောက်သည့်ကုန်းပေါ်ကနေအရှိန်လျော့ကာဆင်းလာ၏။ ကုန်းကနေဆင်းပြီဆိုတာနှင့် လမ်းစုံဖြစ်သည်ကြောင့် ဟိုဘက်ဒီဘက်ရှင်းပြီဆိုမှ လမ်းကိုကူးသည်။ စက်ဘီးနင်းနေရင်းတန်းလန်း လက်တစ်ဖက်ကနာရီကို ရှန်သုတ ငုံ့ကြည့်လိုက်တော့ မျက်စိပါပြူးသွားရသည်။
"နောက်ကျပြန်ပြီ ရှန်သုတရေ"
ပါးစပ်ဟလိုက်သည်နှင့်တစ်ပြိုင်နက် လေထုထဲတွင် အာငွေ့ခပ်ရေးရေးကို မြင်နေရ၏။ နှာခေါင်းမှ မှုတ်ထုတ်လိုက်သည့် ထွက်လေတွေဟာလည်း ထိုနည်း၎င်းပင်။ သူ့ပေါ်မှာ၀တ်ထားသည့် ထူလှပါသည်ဆိုသော ဂျာကင်အနွေးထည်ပင် သူ့ကို တောင်ကြီးရဲ့ အေးစက်မှုအောက်ကနေ မကယ်တင်နိုင်။ နေ့လယ်အချိန်ဖြစ်ပေမဲ့ နေကိုမမြင်ရသေးပေ။ ကြာရှည်စွာမတည်တံ့နိုင်သည့် ဆီးနှင်းတွေဟာလည်း အရည်အဖြစ်ပြောင်းလဲသွားရသည်ကြောင့် သစ်ရွက်၊ သစ်ကိုင်းများပေါ်မှာ ရေစက်လေးတွေအဖြစ်သာ တွဲခိုလျက်ရှိကြတော့သည်။
လမ်းကြားလေးထဲကို သူ့စက်ဘီးကွေ့လိုက်သည်။ နည်းနည်းကြာကြာနင်းပြီးသည့်နောက်မှာ စက္ကူပန်းတွေအုံ့ဆိုင်းနေသည့် ကော်ဖီဆိုင်သေးသေးရှေ့မှာ သူ့စက်ဘီးကိုရပ်လိုက်၏။
ဆိုင်လေးဟာသိပ်တော့မကျယ်။ သို့ပေမဲ့ ဦးဟန်နဲ့ သူနဲ့က သည်ဆိုင်လေးကိုစဖွင့်သည့်အချိန်ကတည်းက သိလာတာဖြစ်သည်။ ထိုဆိုင်က အုတ်တွေဘိလပ်မြေတွေနှင့် ဆောက်ထားသည်မဟုတ်။ ကျွန်းသစ်တွေပျဥ်တွေနှင့်ဆောက်လုပ်ထားသည့်အပြင် မြင်တွေ့ရရှားသည့် မီးလင်းဖိုအသေးစားလေးကိုပါ ဆိုင်ထဲတွင်တွေ့ရသေးသည်။
ဆိုင်ထဲတွင်လူသိပ်မများ။ ဦးဟန်ကလည်း ဒါမျိုးကိုမှကြိုက်သည့်လူမို့ပင်။ ဧည့်သည်တစ်ယောက်၀င်လာသည်နှင့် ဘဲလ်အသံတစ်ချက်မြည်သွားသည့် တံခါးလေးကြောင့် သူ့အားကျောခိုင်းထားသည့် ဦးဟန်မှာလှည့်ကြည့်လာတော့သည်။
အသက်သုံးဆယ်ကျော်လူကြီးက ဆံပင်တွေကိုအပြောင်သပ်တင်ထားပြီး ပြေပြစ်ခန့်ညားသည့်မျက်နှာကို အရှင်းသားဖော်ပြထားသည်။ လည်ပင်းတစ်၀က်လောက်လည်စွပ်ရှိသည့်အင်္ကျီအနွေးသားကိုအတွင်းက၀တ်ထားပြီး အပေါ်ကနေတော့ကော်ဖီရောင်ကုတ်အရှည်ကြီးကို၀တ်ထားသည်။