မိုးသည်းမည်းထဲမှာ စိုစွတ်လျက် ရှေ့ဆင့်နောက်ဆင့်ပြန်လာကြသော ဂုဏ်တို့ကို အမေစန်းက "ဟင်..ဘယ်လိုဖြစ်လာကြတာတုန်း"လို့ တအံ့တဩမေးလေသည်။ဧည့်ခန်းဆက်တီပေါ် ခြေထောက်တင်လျက် လှဲနေသည့် ဆက်ကပါ ရယ်ကျဲကျဲထကြည့်ရင်း..
" နှစ်ယောက်သား မိုးရေထဲထွက်ဆော့လာကြတာလား "
" နောက်မှမေး.. အမေစန်းရေ....ခုလောလောဆယ် ... ရေနွေးနဲ့ ကော်ဖီပူပူနဲ့လုပ်ပေးဗျာ... အခန်းထဲပို့ပေးနော်.."
သူက အမေစန်းကိုမှာကာ ခြေလှမ်းကိုတော့မရပ်ပဲ ဂုဏ့်လက်ကိုဆွဲလျက် အိမ်ပေါ်ထပ်ဆီကို တောက်လျောက်တက်လာသည်။
" ဂုဏ်... အဝတ်စိုတွေမြန်မြန်ချွတ်စမ်း... ကိုယ်ရေပူစပ်ထားလိုက်မယ်... ရေနွေးလေးနဲ့ ခပ်မြန်မြန်ရေချိုးပြီး နွေးနွေးထွေးထွေးပြန်ဝတ်ထားလိုက်....အအေးပတ်မှာစိုးလို့"
အခန်းထဲရောက်ရောက်ချင်းပဲ သူကရေချိုးခန်းထဲကိုဝင်သွားလေသည်။ချက်ချင်းပဲ ရေဖွင့်ချသံကိုကြားနေရ၏။
တကယ်ဆို သူက မိုးပိုမိလာတာ။ဂုဏ်ကဖြင့် ကား ဟိုဘက်ဒီဘက်အကူးအပြောင်းလောက်ပဲ အပြင်ထွက်တာရှိတာကို။ဘယ်လောက်မှမစို။လေတိုက်လို့ နည်းနည်းပါးပါးပက်စင်ရုံ ဒါလောက်ပဲ။သူသာ ဘောင်းဘီခြေဖျားအောက်နားတွေကနေ ရေစက်စက်ကျနေပြီ။ကားတွန်းရင်းနဲ့လည်း မိုးရေထဲအကြာကြီးနေလိုက်သေးတာ။
" ကိုယ့်ဘာသာလုပ်လိုက်ပါ့မယ် သူ အရင်အဝတ်လဲဦးလေ.."
ရေချိုးခန်း တံခါးနားမှာ သွားရပ်ပြီး ပြောဖြစ်သည်။ရေချိုးကန်ထဲ လက်ဖျားနှစ်ကာ အပူချိန်ညှိနေတဲ့ သူက ဂုဏ့်ကိုလှည့်ပြုံးပြရင်း။
" ဒီလောက်မိုးမိတာနဲ့ကော ကိုယ်ကဘာမှမဖြစ်ဘူး... ဂုဏ်သာစိုးရိမ်ရတာ... ဖျားနေမယ်ကွ...လာ... ဒီထဲမှာပဲအဝတ်စိုတွေချွတ်ပြီး တစ်ခါထဲချိုးရင်လည်းချိုးလိုက်တော့ ရနေပြီ ... ကိုယ် လဲဖို့အဝတ်အစားထုတ်ထားလိုက်မယ်...."
" သူကပိုစိုနေတာကို.."
လွှတ်ခနဲပြောမိသွား၏။
" ဒါဖြင့် ကိုယ်ပါ တစ်ခါထဲ ဂုဏ်နဲ့အတူတူချိုးလိုက်ရမလား..."