မိုင်ရာမီ ချစ်ပုံပြင်
အပိုင်း (၂၃)
“ကင်မ်ထယ်ယောင်းက ဘယ်ဌာနကိုရွေးထားလဲ”
“ဘဏ္ဍာရေးဘက်လို့ သတင်းရပါတယ်”
“သေချာလား”
“သူနဲ့တတွဲတွဲဖြစ်နေတဲ့ အဲရစ်ဆိုသူကိုယ်တိုင်ပြောနေတာကို ကြားခဲ့တာပါ”
“ဟုတ်ပါတယ် မြို့စားမင်း”
“ဘဏ္ဍာရေးတဲ့လား”
မြို့စားမင်းက ခေါင်းတငြိမ့်ငြိမ့်လုပ်ကာ ရေရွတ်လိုက်ရင်း ပြုံးလိုက်သည်။ သေချာပေါက် ကင့်မ်ကို တစ်ခုခုယုတ်မာတော့မည့် အပြုံးဆိုတာ ပြောနေစရာပင်မလို။
“စစ်အရာရှိသောမတ်စ်နဲ့ တွေ့ဖို့စီစဉ်လိုက်”
“ဟုတ်ကဲ့”
“ဟို ဒါနဲ့ ဟိုတစ်ယောက်ကိုရော ဘာဆက်လုပ်ရမလဲ”
“မီဂါလား”
“ဟုတ်ပါတယ်”
“အခွင့်ရတာနဲ့ အသေသတ်”
မီဂါ့အပေါ် အငြှိုးတကြီးဖြစ်နေသည့် မြို့စားမင်းက တွေ့ရင်တွေ့တဲ့နေရာမှာ လက်ဦးမှုရယူကာ သတ်ပစ်ဖို့အထိ အမိန့်ပေးထားခဲ့သည်။
“အဖေ ကျွန်မ ဝင်ခဲ့လို့ရမလား”
အခန်းအပြင်ဘက်ဆီက ဒီဗီဆာရဲ့အသံကြောင့် မြို့စားမင်းက အခန်းထဲရှိ တပည့်တချို့ကို မျက်နှာရိပ်မျက်နှာကဲဖြင့် အသီးသီး အပြင်ထွက်သွားစေလိုက်သည်။
“မဝင်စဖူးပါလား ဒီဗီဆာ”
လမ်းကြုံနေရင်တောင် မြို့စားမင်းတို့အိမ်ကို ရှောင်ဖယ်သွားတတ်တဲ့ ဒီဗီဆာက ဒီနေ့ကျမှ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာကြောင့်ပင်။
“မီဂါ့ကိုလုပ်ကြံတာ အဖေ့လက်ချက်မလား”
မြို့စားမင်းရဲ့မေးခွန်းကို ပြန်မဖြေဘဲ ဒီဗီဆာက သူ(မ)သိချင်တဲ့ အဓိကအကြောင်းအရာကိုသာ တန်းမေးလာသည်။
