"အဲဒီဆောင်းဦးတုန်းက ကျွန်မတို့တွေ နယ်က သူ့အစ်မအိမ်ကို အလည်သွားဖြစ်ခဲ့ကြတယ်၊ တကယ်တေ့ ခရီးလွန်နေတဲ့ သူ့အစ်မက အိမ်စောင့်အဖြစ် အချိန်ကာလတစ်ခုလောက် စောင့်ရှောက်ပေးဖို့ တောင်းဆိုခဲ့လို့ ကျွန်မတို့နှစ်ယောက်လုံး အဲ့မှာပဲ အတူနေဖို့ ဆုံးဖြတ်လိုက်ကြတာပါ၊ ကျွန်မအဖေက ကျွန်မကို အသက်ငယ်သေးတယ်ဆိုပြီး သိပ်မလွှတ်ချင်ဘူး၊ ဒါပေမယ့် 'သူ့'ကိုယုံတဲ့အတွက် နေမကောင်းမဖြစ်နဲ့လို့ ဂရုတစိုက်မှာပြီး သွားခွင့်ပြုခဲ့ပါတယ်"
×
"ဝင်လေ ဆောင်းငယ်၊ အခုကစပြီး ဒါက တို့နှစ်ယောက် အတူနေရမယ့် အသိုက်အမြုံလေးပဲ"
ရီနာက ထိုသို့ဆိုပါတယ်။
ဆောင်းဦးလေက အေးမြနေပေမယ့် အိမ်ထဲရောက်တော့ နွေးနွေးထွေးထွေးဖြစ်သွားတဲ့ ခံစားချက်ကို ကျွန်မ သိပ်သဘောကျတယ်။ နှစ်ယောက်အတူနေရမယ့် အသိုက်အမြုံလေးလို့ သူသုံးနှုန်းလိုက်ခြင်းအပေါ််မှာလည်း ရင်ခုန်မိတယ်။
တစ်လမ်းလုံး ဝတ်လာခဲ့တဲ့ အနီရောင်မာဖလာကို အပေါ်ထပ်လှေကားရဲ့ လက်ကိုင်တန်းမှာ ချွတ်တင်ခဲ့ပြီး ဧည့်ခန်းဘက်ဆီ ဖြည်းဖြည်းချင်း လိုက်သွားမိတယ်။ ဒီအိမ်၊ ဒီခြံ၊ ဒီမြို့နယ် နဲ့ ဒီမြေဟာ သူ့ငယ်ဘဝဖြစ်ကြောင်း ပြောပြဖူးတာမို့ စိတ်ဝင်တစား လှည့်ပတ်ကြည့်ချင်စိတ်ကို မနည်းထိန်းချုပ်ထားရတာပေါ့။
အဲ့လိုဆိုပေမယ့် ကျွန်မက စပ်စုတတ်တဲ့ မိန်းကလေးမျိုး မဟုတ်ပါဘူး။ သူနဲ့ ပတ်သက်တာတွေကို အမှတ်ရနေချင်တဲ့ညဥ်နဲ့ တစ်ဘဝလုံး သိမ်းထားချင်တဲ့ စိတ်ဆန္ဒမျိုးရှိနေလို့ပါ။
"ဒီမှာလာထိုင်၊ ဖုန်တောင် တက်မနေဘူး"
ပြတင်းပေါက်တွေ ဖွင့်လိုက်တော့ လေအေးတွေက ဝင်လာပြန်တယ်။ သူ့အစ်မ ခရီးလွန်နေတုန်း အဝင်အထွက်မရှိဘဲ ပိတ်ထားခဲ့တဲ့အတွက် အိမ်ထဲမှာ အနံ့တစ်မျိုးရှိပေမယ့် ဆိုးဆိုးရွားရွား မဟုတ်ဘူး။ ဒီပြတင်းပေါက်ကတဆင့် ဝင်လာတဲ့ နေ့ခင်းနှစ်နာရီနေက ဆိုဖာခုံပေါ်မှာ သက်တောင့်သက်သာဖြစ်စွာ ထိုင်နေတဲ့ ရီနာ့အပေါ် တကူးတက အလင်းပေးထားသလိုကို လှလှပပ ထိုးကျနေတော့တာပါပဲ။