" နောက်တစ်ပါတ် ကျောင်းပိတ်ရက်မှာ မယု ကို ရွှေကျီးနား ဘုရား လိုက်ပို့ပေးမယ် "
မေခန့်၏ စကား အဆုံး၌ စာအုပ်တွေကို အခန်းတွင်း နေရာတကျ စီကာ ထပ်နေသော မယု တစ်ယောက် ခေါင်းငဲ့ကြည့်လာသည်။
မေခန့်က ကုတင်ထက်မှာ ခြေဆင်းထိုင်လျက်။
လက်နှစ်ဖက်ကို အနောက်ပစ်ကာ မွေ့ယာပေါ် ထောက်ထားရင်း နံရံနှင့် ကပ်ထားသည့် စာအုပ်စင်ပေါ်က စာအုပ်တွေနှင့် အလုပ်ရှုပ်နေသောမယု ကို ငေးကြည့်ကာ ပြောလိုက်ခြင်းပင်။
အိမ်အလုပ်တစ်ခုခုလုပ်လျှင် ရှပ်အင်္ကျီ လက်ရှည် ခပ်ပွပွ ကို အမြဲတစေ ဝတ်ဆင်ထားတတ်သည့် မယု ၏ ဟန်ပန် က စတွေ့ ကတည်းက ယခုအထိလည်းပြောင်းလဲ မသွားသေး။
တဖြည်းဖြည်းနှင့်မှ တစ တစ သိလာရသော မယု ၏ အကျင့်စရိုက်များတွင် အသည်းယားစဖွယ် နှာခေါင်းရှုံ့တတ်ခြင်းလည်း တစ်ခု အပါအဝင်။
ယခုလည်း နှာခေါင်းကို တွန့်ရှုံ့ပြကာ .. ကျောင်းတောင် သေချာ မသွားရသေးဘူး သူက ပိတ်ရက်ကို မျှော်နေပြီ ဟု ခပ်သာသာ ရေရွတ်သည်။
" မျှော်ရတာပေါ့။ နောက်ပိုင်းကျ မေခန့် အလုပ်ဝင်ပြီးရင် သေချာ မတွေ့ရတော့ဘူးလေ "
" ဟုတ်ပါပြီရှင်။ ထားလိုက်ပါတော့။ မငြင်းပါဘူး ရှင်လေး ကို "
စည်းနှောင်ထားသည့် ကြားမှ ကပိုကရို ပြေကျနေသော ဆံနွယ်များ။
ရှပ်အင်္ကျီ လက်ရှည်အောက်က တစ်စွန်းတစ်စ ထွက်ပေါ်နေသော လက်ကောက်ဝတ် နှင့် လက်ချောင်း ခပ်သွယ်သွယ်များ။
လှုပ်ရှားနေသည့် ကိုယ်ဟန် အယိမ်းအနွဲ့နှင့် အတူ ကြမ်းပြင်ပေါ် နင်းလျှောက်နေသည့် ခြေဖဝါး နုနု များ ...
ကုတင်ပေါ်က ဆင်းကာ မယု ကို အနောက်မှ သိုင်းဖက်မိတော့ အာမေဍိတ်သံ တစ်ခု ပြုရင်း အသာ ရုန်းသည်။
" ဖယ်ပါ... ဒီမှာ အလုပ်လုပ်နေတာ ချွေးတွေထွက်နေတယ်။ မဖက်နဲ့ဉီး "
" ချွေးမရှိမှ ဖက်ရမယ်လို့ ဘယ်သူ ပြောလို့လဲ "
" ဟော... ညစ်ပတ် ကုန်မယ်လေ မေခန့်ရဲ့"
KAMU SEDANG MEMBACA
ချစ်ခြင်းဖြင့် ချည်နှောင်သော
Romansaမယု လို့ခေါ်လို့ရတယ်။ တို့နာမည်က လင်းယုနွယ် .....