(Unicode)
"အို အမေ့"
စတိုးဆိုင် တစ်ဆိုင်ထဲသို့ အဝင် အပေါက်ဝတွင် သူမချော်လဲသွား၍ ယောင်ကာ အော်လိုက်မိခြင်းဖြစ်သည်။
"ပိုက်ဆံကုန်းကောက်တာလား"
"ဘယ်လောက်ရလဲ ညီမလေး"
"တစ်ဝက်လောက် ခွဲပေးခဲ့ပါဦး"
စတိုးဆိုင် ဟူသည့်အတိုင်း လူတကာ စု၍ ရှိနေတတ်ကြသော နေရာပင်ဖြစ်သည်။ ထို စတိုးဆိုင်ထဲရှိ ခုံတန်းလျားပေါ်တွင် ထိုင်နေသော ယောက်ျားလေး အုပ်စုသည် သူမအား မထိတထိ လှမ်းစနေကြလေသည်။
သူမသည် ဆရာမတစ်ယောက် ဖြစ်သည့်တိုင် မာနကြီးပြီး အနေအေးသည့်အပြင် တစ်ယောက်တည်း အနေများတာကြောင့် သူငယ်ချင်း အပေါင်းအသင်း အင်မတန်မှ ရှားလေသည်။
ထိုကြောင့်ပင် ယခုအခါ၌လည်း သူမ တစ်ယောက်တည်းပင် ဖြစ်လို့နေသည်။ ယောက်ျားလေးများ အကြားတွင်သူမတစ်ယောက်တည်း ဖြစ်နေသည်မို့ လွန်စွာပင် ရှက်ရွံ့နေပြီး သူမ၏ ဖိနပ်မှာလည်း ပျက်သွားသဖြင့် ပြန်၍ ထရန် အခက်အခဲ ဖြစ်နေလေသည်။
"ရရဲ့လား မမ"
အသံလာရာကို သူမ ကြည့်လိုက်မိတော့ အသားဖြူဖြူ၊ အရပ်ရှည်ရှည်နှင့် ကောင်ငယ်ငယ်လေး တစ်ဦးပင်။
"......."
သူမ ဘာမှ ပြန်မပြောမိသေးခင်မှာပဲ ထိုကောင်လေး၏ လက်ချောင်း ဖြူဖြူသွယ်သွယ် လေးများသည် သူမရှေ့သို့ ဖြာကျလို့နေသည်။
"ကျွန်တော့် လက်ကို အားပြုပြီး ထလိုက်ပါမမ"
"အွန်း ကျေးဇူးပါ"
ကောင်လေး၏ လက်ကို အားပြုပြီး မတ်တပ်ရပ်လိုက်ပေမယ့် ဖိနပ်ပျက်နေတာကြောင့် သူမ လမ်းမလျှောက်ရဲသေးပါ။
"အာ မမ ဖိနပ်က ပျက်နေတာပဲ ကျွန်တော့် ဖိနပ်ကို စီးသွားလိုက်ပါ"
ကောင်လေးက သူ့ရဲ့ ခြေအစုံကို သူမရှေ့ကို ရပ်လိုက်ပြီး ခြေထောက် ဖွေးဖွေးလေး အောက်က ကတ္တီပါ ဖိနပ် နက်ပြာရောင်လေးကို ချွတ်ပေးလေသည်။
"ရပါတယ် တို့ အိမ်က ရှေ့နားမှာ တို့ ဒီတိုင်းပဲ သွားလိုက်ပါတော့မယ်"