ငြိမ်း(Completed-OS)

118 9 6
                                    

                  နွေဦးရာသီရောက်ပြီဖြစ်၍ ပုရစ်ဖူးလေးများလည်းအစီအရီတိုးထွက်လာကြ၏။ငြိမ်းတို့အိမ်ရှေ့တွင် ကံ့ကော်များလည်းဖူးနေလေပြီ။ငြိမ်းသည်  မကြာခင်တက်ရတော့မည့် ဆယ်တန်းအကြိုကျူရှင်အတွက်ရင်ခုန်နေသည်။စာများလည်း ကြိုတင်ကျက်နေရသည်။ငြိမ်းသည် ပြတင်းပေါက်အနားရှိစာရေးခုံလေးတွင် မြန်မာစာခက်ဆစ်များရေးနေရင်း အိမ်ရှေ့ရှိကံ့ကော်ပင်ကြီးအားငေးကြည့်နေမိသည်။ကံ့ကော်ပင်၏ အနီးဆုံးတွင် ကပ်လျက်ပေါက်နေသော ငြိမ်းကိုယ်တိုင်စိုက်ထားသည့် ကံ့ကော်ပင်ပေါက်ကလေးသည်လည်း အနာကင်းမဲ့စွာရှင်သန်လာပြီဖြစ်သည်။


                   ကံ့ကော်ပင်ငယ်လေးအား ကြည့်နေရင်း မျက်လုံးထောင့်စွန်းမှဖျတ်ခနဲမြင်တွေ့လိုက်ရသော ပုံရိပ်လေးအားလိုက်ကြည့်နေမိသည်။တီရှပ်အဖြူအပါးလေးနှင့် ချည်အစင်းဘောင်းဘီလေးအား ၀တ်ထားသော ငြိမ်း၏ငြိမ်းချမ်းရာလေး၊နွေဦးရာသီ၏ရေချမ်းအိုးလေး၊သိဟ်ရာသီဖွားလေး ရှင်းသန့်မောင်ပင်ဖြစ်သည်။ကြည်လင်သောအသားအရည်လေးက ငြိမ်းအတွက် အမြဲတမ်းတည်မြဲနေမည့် အကြည်ဓာတ်ကလေးဖြစ်သည်။ခေါင်း‌လျှော်ပြီးခါစဖြစ်ဟန်တူသော ဆံပင်တို့သည် လေအဝေ့တွင်ဖရိုဖရဲ ဖြစ်သွားသော်လည်း ရှင်းသန့်မောင်ဖြစ်နေသည်မို့ ကြည့်ကောင်းမြဲ ‌ကြည့်ကောင်းဆဲပင်။

                ငြိမ်းတစ်ယောက် ရှင်းသန့်မောင်အား ငေးကြည့်နေဆဲတွင် ရှင်းသန့်မောင်က ငြိမ်းဘက်သို့လှည့်ကြည့်လာသည်။ချစ်ရသူ၏အကြည့်တစ်ချက်ကြောင့် ငြိမ်းကိုယ်လေးတောင့်မတ်သွားသည်။ရှင်းသန့်မောင်အား ကြည့်နေစဉ်တွင် ရှင်းသန့်မောင်သည် နှုတ်ခမ်းထောင့်စွန်းလေးများကော့တက်ရုံမျှပြုံးပြလိုက်ရုံသာမက ငြိမ်းအားလက်ကလေးတစ်ဖက်ပါမြှောက်ပြသွားသေးသည်။ငြိမ်းသည် ရင်ခုန်ရလွန်း၍ ထိုနေရာတွင်ပင် ကြက်သေသေနေ၏။

                ခဏအကြာမှ အသိ၀င်လာပြီး အားခနဲထအော်ရင်း မှန်တင်ခုံရှေ့သို့ပြေးသွားသည်။မှန်သေချာကြည့်ပြီးသည့်ကာလတွင် နောက်တစ်ခါထအော်မိ၏။ပုခုံးကျော်သောဆံပင်အား နောက်ညှပ်ကလစ်ဖြင့် ဖြစ်သလိုညှပ်ထားသော ဖရိုဖရဲဆံပင်၊မျက်နှာအေးအောင်လိမ်းထားသော သနပ်ခါးထူထူ၊ကိုယ့်ပုံကိုယ်ပြန်မြင်ရသည်မှာ အရူးမနှင့်တူလေသည်။ထိုပုံစံကို ငြိမ်း၏ရှင်းသန့်မောင်ကမြင်သွားလေပြီ။

You've reached the end of published parts.

⏰ Last updated: Feb 27, 2023 ⏰

Add this story to your Library to get notified about new parts!

ငြိမ်း(သို့မဟုတ်)ကြယ်တစ်ပွင့်လွင့်ခဲ့သည်ရှိသော်Where stories live. Discover now