အပိုင်း - ၁၀၈ ( ခုနေသာ မင်းကို သွားခွင့်မပြုရင် )

3.9K 700 28
                                    


အပိုင်း - ၁၀၈ ( ခုနေသာ  မင်းကို သွားခွင့်မပြုရင် )

( စောင်အောက်မှာ ပုန်းပြီး ကွေးကွေးလေး အော်ငိုပစ်လိုက်မှာ )

သို့နှင့် နှစ်ယောက်သား လက်ဖက်ရည်ဆိုင်ထဲ လက်ဖက်ရည်တစ်အိုး သောက်ဖြစ်ခဲ့ကြကာ အချိန်လည်း စောနေသေးသည်မို့ အသစ်ဝယ်ထားသောအိမ်ဆီ သွားကြည့်ဖြစ်ကြသည်။ လက်သမားဆရာများမှာ အလုပ်စလုပ်နေကြကြပြီဖြစ်ရာ ရှုပ်ထွေးနေဆဲဖြစ်သော်ငြား အိမ်အသစ်၏ ပုံအကြမ်းထည်ကို ရေးတေးတေးမြင်နေရပြီဖြစ်သည်။

"ဒီရေကန်လေးက ဘာလုပ်ဖို့လဲ"

ဝမ်းလျိုနျဲန်က ထိုင်ချလိုက်ကာ မေးလာ၏။

ကျောက်ယွဲ့ဘက်မှ ဖြေလာသည်။

"စုတ်တံနဲ့ မင်သွေးကျောက် ဆေးဖို့ ၊ ဒီရေကန်ရဲ့မျက်နှာချင်းဆိုင်မှာတော့ မင်းရဲ့ စာကြည့်ခန်းရှိမယ်"

ဝမ်းလျိုနျဲန်က တစ်ဖက်လူ၏ ရင်အုပ်အား ရိုက်လိုက်သည်။

"ခင်ဗျား ဒီလောက်ထိ စဥ်းစားပေးတတ်မယ်ဆိုတာ မထင်ရဘူးပဲ"

အသေးစိတ်ကအစ ထည့်တွေးပေးထားတာ။

ကျောက်ယွဲ့ ပြုံးလိုက်၏။

"ဘာမှ မခက်ပါဘူး။ အိပ်ရာထတဲ့အချိန်ကနေ ညဘက်အိပ်ရာဝင်တဲ့အချိန်ထိ မင်း ဘာတွေလုပ်တတ်လဲလို့ မျက်လုံးမှိတ်ပြီး တစ်ခေါက်လောက်စဥ်းစားလိုက်ရင် အိမ်ကို ဘယ်လိုပြင်ဆင်ခန့်ခွဲရမလဲဆိုတာ အဖြေပေါ်လာပြီလေ။ ဒီစင်္ကြံလမ်းနားမှာဆိုလည်း ကန့်လန့်ကာအထူတွေ ချိတ်ထားရမယ်၊ ဒါမှ ဆောင်းတွင်းရောက်ရင် မင်း မချမ်းမှာ  "

ဝမ်းလျိုနျဲန်၏ ရင်ထဲ အနည်းငယ်နွေးထွေးသွားပေ၏။ ကျောက်ယွဲ့က လူကို ပြန်ပြီး မတ်တတ်ထရန် ဆွဲထူလိုက်သည်။

"စာကြည့်ခန်းထဲ သွားကြည့်ကြစို့"

"အင်း"

ဝမ်းလျိုနျဲန်လည်း ခေါင်းညိတ်လိုက်ကာ ကျောက်ယွဲ့နှင့် လက်ချင်းဆုပ်ကိုင်ထားလျက် ရေကန်ငယ်၏ တံတားငယ်လေးပေါ် ဖြတ်သန်းလျှောက်လှမ်းလာသည်။

အရင်အိမ်ပိုင်ရှင်သည်လည်း စာပေသမားတစ်ယောက်ဖြစ်ရာ စာကြည့်ခန်းမှာ အတော်ကျယ်ဝန်းနေပေ၏။ ကျောက်ယွဲ့ ဝယ်ယူပြီးသည့်နောက်ပိုင်း ထိုစာကြည့်ခန်းအား ထပ်မံချဲ့ထွင်လိုက်ရာ စာကြည့်စင်အသစ်များပါ ထပ်မံဆောက်လုပ်ပေးထားစေသည်။

ဓားပြဗိုလ်အား သိမ်းပိုက်ခြင်း [ Completed ]Where stories live. Discover now