" That's time to come back home "
ညနက်နက်၏ ချမ်းအေးမှုကြား
လူနေထူတဲ့မြို့ပြရဲ့ လူအများအိပ်ရာဝင်ချိန်မို့ တိတ်ဆိတ်မှုတွေကြီးစိုးချိန်ဆိုပေမယ့် ဒေါ်နှင်းရည်တစ်ယောက်ကတော့ အိပ်လို့မရသေး။အကြောင်းကား ...သားကြီးဖြစ်သူ သူရ သည် လူငယ်ပီပီ အပေါင်းအသင်းမက်သူဖြစ်ပြီး ညသန်းခေါင်ယံလောက်ထိ မီးရောင်စုံနှင့်အခိုးအငွေ့တွေပျော်ပါးနေတတ်သူမို့ အိမ်ပြန်ချိန်တိုင်း တံခါးဖွင့်ပေးရသည့် မိခင်မှာ ညစဥ်တိုင်းဂျူတီစောင့်ရသကဲ့သို့ဖြစ်ကာ အိပ်မပျော်နိုင် ။
ခင်ပွန်းသည်ဆုံးပါးပြီးတည်းက သားကြီးဖြစ်သူနှင့်သမီးငယ်ကလွဲရင် တွယ်တာစရာမရှိသူမဟုတ်ပါလား။
အပျော်မက်သည်ဆိုသည်ငြား သူရသည် မိခင်ကိုပေးထားတဲ့ကတိအတိုင်း အမြဲတမ်း အိမ်ပြန်ချိန်ကို ၁၂နာရီမထိုးခင်ပြန်လာလေ့ရှိသည်" မေမေ အိပ်တော့လေ ကိုကြီးကို မီးပဲဆက်စောင့်မယ်လေ "
ပိုးအိက မိခင်ပုခုံးကိုကိုင်ကာ အလိုက်တသိပြောသော်ငြား မိခင်ကမူ စိတ်မချနိုင်"နေပါစေသမီးရယ် နင့်အကိုကိုပဲ ဆက်စောင့်လိုက်ပါမယ်...အမေမအိပ်ချင်သေးပါဘူး သမီးအိပ်ချင်အိပ်လေ "
" အာ့ဆို မီးအတူတူစောင့်ပေးမယ်လေနော် "
" သဘောပါအေ အဲ့ဒါဆိုလည်း "
သားအမိနှစ်ယောက် သူရအပြန်ကိုစောင့်ရင်း အချိန်ကား ည ၁၂ နာရီကိုပင်ကျော်လာခဲ့လေပြီမို့ ငိုက်မြည်းချင်သယောင်ယောင်ဖြစ်နေချိန် လမ်းထိပ်လောက်မှစအူလာသော ခွေးများ၏ အူသံစူးစူးကြောင့် မျက်စိပင်ကျယ်သည်ထိ
" မေမေရယ် ခွေးတွေကလည်းအူ ...အချိန်ကလည်းမနည်းတော့တာကို ကိုကြီးကဒီနေ့နောက်ကျလိုက်တာ "" ဘယ်တွေအလည်လွန်ပြန်လဲ မသိပါဘူးကွယ် "
ထိုစဥ်...
ဒေါက်...ဒေါက်" အမေရေ ညီမလေး "
သူရ၏အသံကိုကြားသည်နှင့် သားအမိနှစ်ယောက် ၏ မျက်နှာဝင်းပသွားခဲ့ရသည်
ပိုးအိတစ်ယောက် တံခါးကိုအပြေးအလွှားဖွင့်ပေးရင်း အပြန်၌ ကားမပါလာသည်ကိုသတိထားမိသည်