Unicode
နားထဲ၌ မနက် (၆) နာရီ အချက်ပေး Alum သံကို ကြားလိုက်ရသည်။
အပြင်၌ ရာသီဥတုက နှင်းတွေ ပိတ်ခဲနေအောင် အေး နေမည် ဖြစ်သော်လည်း အခန်းတွင်းရှိ အနွေးပေးစက်ကြောင့် သင့်တော်သော အပူချိန်ဖြင့် နေထိုင်၍ ကောင်းနေဆဲ။
အိပ်ရာက မထ ချင်သော်လည်း မနက် (၈) နာရီ ရိုက်ကူးရေး ရှိသည်မို့ လူးလှိမ့်ကာ ထ ဖို့ ပြင်ရသည်။
ခေါင်းရင်း စားပွဲပေါ် တင်ထားသော မျက်မှန်ကို လက်ဖြင့် စမ်းကာ တပ်ဆင်လိုက်ရင်း ရေချိုးခန်းရှိရာ လှမ်းလာမိသည်။
အမြင်အာရုံတို့က မျက်မှန်မကူလျှင် ဝေဝါးနေပြီ။
အင်းလေ။ အသက်သည်လည်း မငယ်တော့တာပဲ။(၆၀) ထဲသို့ ဝင်ရောက်နေပြီဖြစ်သော အသက်နှင့်အညီ ခန္ဓာကိုယ် သည်လည်း ငယ်စဉ် ကလို နုပျိုမနေနိုင်တော့။
သို့သော်ငြား Programmer တစ်ယောက် ဟူသော ဂုဏ်ပုဒ်နှင့်အညီ တက်ကြွလှုပ်ရှား၍ ကောင်းဆဲ။
မှန်တင်ခုံ ရှေ့တွင် ဝင်ထိုင်ကာ စားပွဲပေါ်ရှိ အလှပြင် ပစ္စည်းများပေါ် လက်လှမ်းမိရင်းမှ ည က မက်သောအိပ်မက် အကြောင်းက တစ်စွန်းတစ်စ အတွေးထဲ ဝင်လာသည်။
ယခုတလော အမျိုးအမည် မသိသော အိပ်မက်များက
မကြာခဏ ဆိုသလို ရောက်လာတတ်သည်။အစ ပထမ၌ သစ်ပင်များ ၊ ချောင်းများ ၊ အိုင်များ။
ထိုအခြင်းအရာများ၏ နောက်ပိုင်း ည များတွင် အဝါရောင် ဝင်းပြောင်နေသော အဆောက်အအုံများ။ တချို့က တောက်ပစွာ ၊ တချို့က မှိန်ဖျော့စွာ။
ဘာတွေရယ် လို့ သေချာမသိ။
ယခုတလော တွင်တော့ ထိုအဆောက်အဦးများအပြင် တူရိယာတစ်မျိုး တီးခတ်သံ ကိုပါတွဲဖက်လျက် ငြိမ့်ညောင်းစွာ ကြားရပြန်သည်။
ထိုတူရိယာသံ ကား ထူးဆန်း၏။
မနက်ဖက် နှိုးထပြီးသည့်တိုင် နေ့လယ်နေ့ခင်း အချိန်အထိ အတွေးထဲ ကြားယောင်နေမိဆဲပင်။မဖြစ်သေး။
အားတဲ့တစ်ရက်တော့ ဘာရယ်ဆိုတာ အဖြေရှာမှ ဖြစ်မည်။