"ငါ ... ငါလုပ်မယ်စောမောင် ... မင်းပေးတဲ့အကြံအတိုင်း ငါလုပ်ချင်တယ် ... အိမ်ငှားခကိုလည်း အများကြီး ဈေးလျှော့ပေးစရာမလိုပါဘူး"
စောမောင်က ဟန်လေးပေးသည့်အကြံအား သစ်ထူးကို ပြောပြတော့ သစ်ထူးက စိတ်လှုပ်ရှားစွာဖြင့် လက်ခံလာခဲ့သည်။
"အဲတာဆို မနက်ဖြန်ကစပြီး မင်းမြို့ကိုတက်လာခဲ့ မင်းကို မုန့်ဖတ်လုပ်နည်း သင်ပေးမယ် ... သူများကိုတော့ လွယ်လွယ်နဲ့ ဖြန့်ဝေပေးတာတော့ မလုပ်နဲ့ပေါ့ကွာ"
"ငါနားလည်ပါတယ် ... စိတ်ချ ငါဘယ်သူ့ကိုမှ မပြောပြသလို ... မုန့်လုပ်နည်းကို သူများဆီရောင်းချတဲ့အလုပ်လည်း လုပ်မှာမဟုတ်ဘူး ... ရေရှည်အတွက်စဉ်းစားပြီး ကောင်းကောင်းကာကွယ်ထားမှာ ... ငါ့မိဘဆွေမျိုးတွေတောင် ပေးသိမှာမဟုတ်ဘူး ... ဒါက သားစဉ်မြေးဆက်လက်ဆင့်ကမ်းပြီး ရေရှည်လုပ်နိုင်တဲ့ အလုပ်တစ်ခုဖြစ်လာမှာ"
"အင်းပါ ... ငါတို့ကိုတော့ လျှော့ဈေးနဲ့ရောင်းရမှာနော်"
"စိတ်ချပါ ... စောမောင်ရာ ... မင်းတို့ကျေးဇူးကို ငါမမေ့ပါဘူး"
စောမောင်က သစ်ထူး၏ ပုခုံးအား ပုတ်လိုက်ကာ
"ငသစ်ရာ သူငယ်ချင်းအချင်းချင်းကို ကျေးဇူးတင်စရာမလိုပါဘူးကွာ ...ဟာ ဟေ့ကောင် မင်း ငိုနေတာလား"
ငသစ်က စီးကျလာသည့် မျက်ရည်များကို ကြမ်းတမ်းစွာသုတ်လိုက်ပြီး ပြောလာသည်။
"ပျော်လို့ပါ .... စောမောင်ရာ တကယ် မင်းတို့လင်ခင်ပွန်းနှစ်ယောက်ရဲ့ ကျေးဇူးကိုငါမမေ့ပါဘူး ... ငါလေ ဘာဆက်လုပ်ရမှန်းမသိဘဲ လမ်းပျောက်နေတာ ... သုသုကလည်း ကိုယ်ဝန်ကြီးနဲ့ စိတ်ဆင်းရဲနေရတာ ... သူမွေးဖို့အတွက် စုထားဆောင်းထားတာလည်းမရှိသေးဘူးကွာ ... ဒီတစ်ခေါက်စပါးပေါ်ချိန်နဲ့ ကွက်တိဆိုပြီး မှန်းထားတာ ... ငါတို့လယ်တွေ အသိမ်းခံရတော့ ငါ ငါ ...."
သစ်ထူးက တုန်ယင်စွာဖြင့် ငိုချလာသည်။
သူ့ခင်မျာ သုခ၏ ရှေ့တွင် မနည်းတင်းခံထားရသည့်ပုံ။
နေ့ချင်း ညချင်း ကိုယ်လုပ်စားနေသည့် လယ်နှစ်ကွက်က သူများသိမ်းသွားခြင်းကို ခံလိုက်ရတော့ စိတ်မဆင်းရဲဘဲခံနိုင်ရိုးလား။
YOU ARE READING
မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)
Lãng mạnဒါကတော့ ကိုယ့်ရဲ့ ဒုတိယမြောက်ဖန်တီးခြင်းပါ။