ကမ်းပါးရွာရှိဘုန်းတော်ကြီးကျောင်းအတွင်း အလွန်တန်ဖိုးကြီးပုံရကာ ခန့်ညားထည်ဝါလှသော ရထားလုံးကြီးနှစ်စီး ဆိုက်ထားပြီး မင်းနေပြည်တော်မှ အရာရှိများနှင့် ခက်လက်မြို့စားတို့ ရောက်ရှိနေကြသည်။
ကမ်းပါးရွာရှိရွာသူရွာသားများကတော့ ကမ်းပါးရွာဘုန်းကြီးကျောင်း၏ မနီးမဝေးတွင် ရပ်နေကြကာ ထိုရထားလုံးများကို ခပ်ဝေးဝေးမှ စပ်စုနေကြသည်။
အနီးနားသို့လည်း မကပ်ရဲကြ။
ရထားလုံးများ၏အနားတွင် ဓားလှံများကိုင်ထားကြသည့် အရာရှိတို့က စောင့်နေကြသည်ကိုး။
လူအုပ်အတွင်းကတော့ ကျွတ်စီကျွတ်စီအသံများထွက်နေလျက်။
"ရထားလုံးကြီးတွေက လှလိုက်တာနော် ... တစ်ခါမှ ဒီလောက်လှတဲ့ ရထားလုံးကြီးတွေ မမြင်ဖူးဘူး"
"ဒီတစ်သက်နဲ့ တစ်ကိုယ် မင်းနေပြည်တော်က အရာရှိကြီးတွေကို အခုမှ မြင်ဖူးတာ ... ကြောက်စရာကောင်းလိုက်တာတော်"
"မင်းနေပြည်တော်က လာတယ်ဆိုတော့ ဘာကိစ္စများပါလိမ့်"
"ဆရာတော်ကို မင်းနေပြည်တော်များ ပင့်ကြမလို့လား"
စသဖြင့် မျိုးစုံပင်။
ကမ်းပါးရွာဘုန်းကြီးကျောင်းအပေါ်တွင်တော့ မင်းနေပြည်တော်မှလာသည့် အရာရှိများမှာ ဆရာတော်အား လက်အုပ်ချီလျက်ရှိနေကြသည်။
"အရှင်ဘုရား လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းက ဆွဲကြိုးတစ်ကုံးနဲ့ အမျိုးသားတစ်ယောက်လာအပ်သွားခဲ့တဲ့ ကလေးငယ်ကို တပည့်တော်တို့ တွေ့ချင်လို့ပါဘုရား"
ဒေဝ က ဆရာတော် ဘုရားအား ရိုသေစွာဖြင့် လျှောက်တင်လိုက်၏။
ဆရာတော် ဘုရားနှင့် ကပ္ပိယကြီးမှာ အံ့ဩသွားကြပြီး ဆရာတော်ဘုရားက မိန့်လိုက်သည်။
"ဘာလို့ တွေ့ချင်ရတာလဲ ဒကာ"
"လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်တုန်းက တပည့်တော်ခစားနေရတဲ့ လက်ဝဲအမတ်ကြီးရဲ့ သားဖြစ်သူကို အစေခံတစ်ယောက်က ရန်ငြိုးနဲ့ ခိုးသွားခဲ့ပါတယ်ဘုရား ... တပည့်တော်တို့အနှစ်နှစ်ဆယ်လုံး ရှာဖွေနေခဲ့ရတာပါ အရှင်ဘုရား ... လွန်ခဲ့တဲ့ တစ်လခန့်တုန်းက တပည့်တော် ကလေးခိုးသွားတဲ့ အစေခံကို ပြန်တွေ့ပြီး စစ်မေးလိုက်တော့ အစေခံက ကလေးကို ကမ်းပါးရွာ ဘုန်းကြီးကျောင်းက ဆရာတော်ထံ ပို့ထားခဲ့တယ်ဆိုပြီး ဝန်ခံလာပါတယ်ဘုရား"
YOU ARE READING
မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)
Lãng mạnဒါကတော့ ကိုယ့်ရဲ့ ဒုတိယမြောက်ဖန်တီးခြင်းပါ။