Uni
ဝုန်းဒိုင်းကြဲခြေသံတို့ကြောင့် ပုံမှန်အတ်ိုင်းရှိနေသည့်အိမ်ကမုန်တိုင်းဝင်သည့်အလား ယောက်ယက်ခတ်သွားရသည်။ ထို့ကြောင့် ဆိုဖာပေါ်ထိုင်နေရင်း ဖုန်းကြည့်ကာ နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေသည့် ကောင်မလေးက ထိုခြေသံပိုင်ရှင်အား မျက်စောင်းထိုးကာ
" ဟဲ့ ပတ်ခ်ဟန်ဘင်း!!! "
သိပ်မကြာလိုက် မျက်နှာသေဖြင့်ထိုကောင်လေးက ဆိုဖာဘေးသို့ ' ဝုန်း ' ခနဲ ရောက်လာရင်း မျက်စောင်းပြန်ထိုးကြည့်၏။
" နင် ဒီမှာကြည့် သူများမောင်လေးတွေများ နင့်လိုမဟုတ်ဘူး မျက်နှာလေးကိုအေးနေတာပဲ။ "
ပြောရင်းဆိုရင်း ဖုန်းထဲမှ ကောင်လေးတစ်ယောက်ပုံအား မျက်နှာရှေ့ထိုးပြလာ၍ ပေစောင်းစောင်းနှင့် ကြည့်ပေးလိုက်သည်။
သူ့အစ်မပြောသည့် ကောင်လေး၏ မျက်နှာအားအသေအချာ တော့မမြင်လိုက်ရပေ။ မကြည့်ချင်ကြည့်ချင်နှင့်သာ ကြည့်လိုက်၍ သူသတိထားမိလိုက်သည်မှာ ထိုကောင်လေး၏ အပြုံးလှလှလေးကိုသာ။
" အဲ့တာ ဘယ်ကကောင်လဲ "
ကြည့်ရသည်မှာ သူ့အစ်မက အဲ့ကောင်ကိုငမ်းနေရင်း သူဝုန်းဒိုင်းကြဲ ဝင်လာလိုက်၍ အရှိန်ပျက်သွားချင်းကြောင့် မဆီမဆိုင် နှိုင်းနေခြင်းဖြစ်မည်။
သူ့မေးခွန်းကိုလည်း ပြန်မဖြေတာမို့ ခေါင်းကိုကုတ်ရင်း ထမယ်ကြံတော့ လက်ကိုပြန်ဆွဲချကာ ဖုန်းကိုဇွတ်ထိုးပြပြန်၏။
ကြည့်ရသလောက် စောနကကောင်လေးပင်။ တိတိကျကျပြောလျှင် ထိုကောင်လေးစင်ပေါ်တွင် သီချင်းဆိုနေသည့် video တစ်ပုဒ်။ ရုပ်ရည်ကတော့ ဟန်ဘင်း ကိုမယှဉ်နိုင်ပေမဲ့ အသံအတော်လေး ချိုသည်ကိုတော့ လက်ခံရမည်ပင်။
ဒီတစ်ခေါက်တော့ ဟန်ဘင်း လည်း ဘုဂလန့် ပြောဖို့ကိုပါမေ့ကာ video ကို သူ့အစ်မ ဆန္ဒအတိုင်း အဆုံးထိကြည့်မိသွားတော့သည်။
ထိုလူက မည်သူမှန်းမသိသော်ငြား အတော်လေး ရင်အေးစေမည့် အသံရှိသည်။ ချိုမြမြအသံထက် အောရှရှ အသံမျိုးပိုင်ဆိုင်ထားသည့် ထိုကောင်လေးမှာ အပြုံးလှလှလေး တစ်ခုလည်းရှိပြန်၏။