နဂါးမင်းသားရဲ့ကံကြမ္မာ
စာစဉ်(၈)အပိုင်း(၁၀၆) မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်အား သတ်ဖြတ်ခြင်း
ဇူယွမ်က ကောင်းကင်ယွမ်စုတ်တံကို တင်းတင်းဆုပ်ကိုင်ထားသကဲ့သို့ သူ့ရဲ့မျက်လုံးတွေထဲမှာလည်း လူသတ်လိုစိတ်တွေ ဖြာထွက်နေရပေသည်။ ကောင်းကင်ယွမ်စုတ်တံက ဝမ်ကောင်းရှန်ထံချိန်ရွယ်ထားလျက်ရှိသလို ၎င်းရဲ့နှင်းလိုဖြူဖွေးတဲ့စုတ်တံထိပ်ဖျားကလည်း အလွန်အမင်းထက်မြနေရပေသည်။
ဝမ်ကောင်းရှန်က ဇူယွမ်ရဲ့လူသတ်လိုစိတ်ကို ခံစားမိသည့်အတွက် အေးစက်စက်နှာခေါင်းတစ်ချက်ရှုံ့ကာပြောလိုက်သည်... "စိတ်ကြီးဝင်နေတဲ့ကောင်လေး... အစောပိုင်းတုန်းကတိုက်ခိုက်မှုတွေမှာ ငါကအချိန်ဆွဲရုံသာတိုက်ခိုက်နေခဲ့တဲ့အတွက် မင်းကကိုယ့်ကိုကိုယ်ဟုတ်လှပြီဆိုပြီး စိတ်ကြီးဝင်သွားတာလား... မင်းကသေခြင်းတရားဆီ မြန်မြန်ဆန်ဆန်သွားချင်နေတယ်ဆိုမှတော့လည်း ငါကကူညီပေးရမှာပေါ့..."
သူ့ရဲ့စကားတွေပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် သူ့ရဲ့လက်ထဲမှာ ပုဆိန်ရှည်တစ်လက်ထွက်ပေါ်လာခဲ့သည်။ ပုဆိန်ပေါ်မှာ ထူးခြားဆန်းကြယ်တဲ့ပုံစံတွေအပြည့်ရှိနေခဲ့ပြီး ၎င်းထံမှမူလချီတွေ ခုန်ပေါက်လှုပ်ရှားနေလျက်ရှိပေသည်။ ၎င်းက အနက်ရောင်အဆင့်မူလလက်နက်တစ်ခုပင်ဖြစ်သည်။
ပုဆိန်ရှည်ကိုဆုပ်ကိုင်လိုက်သည်နှင့် ဝမ်ကောင်းရှန်ရဲ့အရှိန်အဝါက အစောပိုင်းကနဲ့မနှိုင်းယှဉ်နိုင်လောက်အောင် အလွန်အမင်းထက်မြသွားခဲ့ရသည်။
သို့ပေမဲ့လည်း ဇူယွမ်ကလှုပ်ရှားခဲ့ခြင်းမရှိခဲ့ပေ။ ငွေရောင်တိုက်ပွဲဝင်ချပ်ဝတ်က သူ့ရဲ့တစ်ကိုယ်လုံးကို ဖုံးအုပ်ထားသည့်အတွက် အခုအချိန်မှာ သူ့မျက်နှာထက်ရှိအမူအယာကို မည်သူမျှမြင်နိုင်လိမ့်မည်မဟုတ်ပေ။ သူ့ရဲ့တစ်ကိုယ်လုံးမှာ မြင်တွေ့နိုင်တဲ့တစ်ခုတည်းသောအရာက သူ့ရဲ့မျက်လုံးတွေသာဖြစ်ကာ အခုအချိန်မှာ ထိုမျက်လုံးတွေက အလွန်အမင်းအေးစက်လို့နေပေသည်။
နက်ရွှေရောင်မူလချီတွေက သူ့ရဲ့ခန္ဓာကိုယ်မှ လျင်မြန်စွာထွက်ပေါ်လာခဲ့သလို ၎င်းတို့အထဲမှလည်း တိုးညှင်းတဲ့ဟိန်းဟောက်သံတစ်ခု ပဲ့တင်ရိုက်ခတ်ကာ ထွက်ပေါ်လာခဲ့သည်။
YOU ARE READING
နဂါးမင်းသား၏ကံကြမ္မာ
Fantasyနဂါးမင်းသား၏ကံကြမ္မာpageမှာ စာစဥ်လာရောက်ဝယ်ယူနိုင်ပါတယ်။