နဂါးမင်းသားရဲ့ကံကြမ္မာ
စာစဉ်(၈)အပိုင်း(၁၀၉) အရိပ်ဆိုးကိုဖျက်စီးခြင်း
ဇူချင်က ရှေ့ကိုခြေတစ်လှမ်းလှမ်းတက်လိုက်သကဲ့သို့ အနီရောင်တောင်ပနေသည့်လှံတံဖြင့် ရွှေရောင်ပုံရိပ်ထံချိန်ရွယ်လိုက်သည်။ သူ့ရဲ့ရင်ထဲမှ အရိပ်ဆိုးကိုဖျက်စီးပြစ်နိုင်ဖို့အတွက် ဘယ်သူကမှသူ့ကို ဟန့်တားနိုင်စွမ်းမရှိလောက်အောင် သူ့ရဲ့အမူအယာက ဆုံးဖြတ်ချက်ပြတ်သားလို့နေရပေသည်။
"ဇူချင်... ဇူချင်... မင်းကအခေါင်းကိုမြင်နေရတာတောင်မှပဲ မျက်ရည်မကျနိုင်သေးဘူးပေါ့..." ဇူချင်က ဝူဘုရင်ရဲ့ပုံရိပ်ယောင်ကို တစ်ယောက်တည်းသွားရောက်ရင်ဆိုင်တာကို မြင်လိုက်ရသည့်အခါ ချီယန်က ရက်စက်ယုတ်မာစွာရယ်မောလိုက်သလို သူ့ရဲ့မျက်နှာထက်မှာလည်း လှောင်ပြောင်သရော်လိုမှုတွေ ထွက်ပေါ်လာခဲ့ရသည်။
"တကယ်လို့မင်းရဲ့ကျင့်ကြံခြင်းအဆင့်က အရင်လိုအဆင့်မျိုးမှာရှိနေဦးမယ်ဆိုရင်တော့ ဒီအင်ပါယာအမိန့်တော် ရွှေရောင်ပုံရိပ်က မင်းကိုဘာတစ်ခုမှ လုပ်နိုင်လိမ့်မှာမဟုတ်ဘူး... ဒါပေမဲ့ မင်းရဲ့လက်ရှိကျင့်ကြံခြင်းအဆင့်က မူလစဦးအဆင့် အဆင့် ၃ဖြစ်ပြီးတော့ ဒီအဆင့်နဲ့မင်းကဒီလိုမျိုးစိတ်ကြီးဝင်ရဲသေးတာလား..."
ဇူချင်က ချီယန်ရဲ့လှောင်ပြောင်သရော်မှုကို လျစ်လျူရှုထားလိုက်သည်။ ဇူချင်က သူ့ရဲ့မျက်လုံးထဲမှာ အခြားရန်သူတွေကို မမြင်ရတော့သည့်အလား ရွှေရောင်ပုံရိပ်ထံသို့သာ တစိုက်မတ်မတ်စိုက်ကြည့်နေလိုက်မိသည်။
"မင်းကသေဖို့ဆန္ဒရှိနေမှတော့ ငါကမင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတော့မှာပေါ့..."
ချီယန်က အေးစက်စွာရယ်မောလိုက်ပြီး ဇူချင်ရဲ့အပြုအမူကို ပျော်ရွှင်စွာကြည့်လိုက်သည်။ တကယ်လို့ဇူချင်သာ အသတ်ခံခဲ့ရမယ်ဆိုရင် သူတို့ဘက်ကနောက်တစ်ကြိမ်ပြန်လည်ပြီး အရေးသာသွားရလိမ့်မည်ဖြစ်ပေသည်။
ဒီအတွေးတွေ သူ့ရဲ့စိတ်ထဲမှာထွက်ပေါ်လာမှုနဲ့အတူ ချီယန်က ရွှေရောင်အင်ပါယာအမိန့်တော်ကို လှုပ်ခါလိုက်သည်။ ထိုအခိုက်မှာ ရွှေရောင်ပုံရိပ်ထံမှ အံ့အားသင့်စရာကောင်းလောက်သည့် မူလချီတွေပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ၎င်းကိုပို၍ကြောက်မက်ဖွယ်ရာကောင်းသွားစေခဲ့သည်။
YOU ARE READING
နဂါးမင်းသား၏ကံကြမ္မာ
Fantasyနဂါးမင်းသား၏ကံကြမ္မာpageမှာ စာစဥ်လာရောက်ဝယ်ယူနိုင်ပါတယ်။