ဒီနေ့ကတော့ ခက်ဖျာမီးရှူးပွဲတော်နေ့ဖြစ်တာမို့ လက်ဝဲအမတ်ကြီးဦးရာဇတို့မိသားစုနှင့် လက်ယာအမတ်ကြီးဦးဒီပါတို့မိသားစု လက်ရာမွန် ဆိုင်အပေါ်ထပ်သို့ရောက်ရှိနေကြကာ ထိုအပေါ်ထပ်မှပင် မီးအလှကိုခံစားဖို့ စီစဉ်ထားကြသည်။
ဟန်လေးက သူကိုယ်ဝန်ရှိနေသည့်အကြောင်း လောလောဆယ် အခြားသူများကို မပြောသေးပဲ ငြိမ်နေသည်။
စောမောင်ကိုတော့ ဒီညပြီးမှ သူကိုယ်တိုင် အခြားသူများကို ပြောပါမည်ဟု ဟန်လေးက ပြောထားတာကြောင့် စောမောင်ကလည်း အလိုက်သင့် လေးသာ ငြိမ်နေလိုက်၏။
စားပွဲဝိုင်းအကြီးကြီးပေါ်တွင် စားသောက်ဖွယ်ရာများက အစုံအလင်ပင်။
သိုးမွှေးအနွေးထည်အဖြူလေးများ၊ ချည်သားဘောင်းဘီအနက်ရောင်လေးများဖြင့် ကလေးလေးယောက်လုံးက အလွန်ပင် ချစ်ဖို့ကောင်းနေကြကာ တက်ကြွနေကြသည်။
ဟန်လေးက တိုင်းတစ်ပါးမှလာသည့် သိုးမွှေးစောင်ပါးများကို ကလေးများအတွက် အနွေးထည်ချုပ်ပေးရန်နှင့် ချည်သားဘောင်းဘီလေးများကို သူကိုယ်တိုင် ဒီဇိုင်းဆွဲကာ အိမ်တော်ရှိ အပ်ချုပ်သမားများအားချုပ်ခိုင်းထားခြင်းဖြစ်သည်။
ဘောင်းဘီကတော့ ပုံစံတကျမဖြစ်လာခင် လက်နှီးစုတ်တော်တော်များများဖြစ်သွားသည်အထိ ပိတ်စအချို့ကို ရင်းလိုက်ရသေးတာပေါ့။
နောင်ခနှင့် ဝဏ္ဏကတော့ ဟန်လေး သူ့တို့ကို ဒီညဝတ်ရန်အတွက် အဝတ်အစားများပေးပြီးနောက် စမ်းဝတ်ခိုင်းစဉ် အလွန်သဘောကျကာ ခုန်ပေါက်နေတော့သည်။
နောင်သိုက်နှင့် စေသူကလည်း အဝတ်အစားများအား အရမ်းကြိုက်သည်ဟုပြောလာကြသည်။
"ကလေးတွေ လက်ရန်းပေါ်ကို မတက်နဲ့နော် ... အဲမှာ ချပေးထားတဲ့ ခုံပေါ်ကပဲကြည့် အရုပ်တွေကို မြင်ရတယ်"
ဦးဒီပါက ကလေးများကို စိုးရိမ်သဖြင့် လှမ်းပြောလိုက်သည်။
ခက်ဖျာမီးရှူးပွဲမှာ မင်းနေပြည်တော်ရှိ ရပ်ကွက်တစ်ရပ်ကွက်ချင်းစီအလိုက် ရိုးရာအရုပ်ကြီးများပြုလုပ်ကာ ပြိုင်ဆိုင်ကြသော ပွဲဖြစ်သည်။
YOU ARE READING
မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)
عاطفيةဒါကတော့ ကိုယ့်ရဲ့ ဒုတိယမြောက်ဖန်တီးခြင်းပါ။